
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ Great Demon God ကုမ္ပဏီ တာဝန်ယူလုပ်ကိုင်နေတဲ့ ဖလူးကျားဖြန့်လုပ်ငန်းမှာ အလုပ်သမားတချို့ ညှဉ်းပန်းနှိပ်စက်ခံရတယ်လို့ အဓမ္မစေခိုင်းခံရသူတွေက ပြောပါတယ်။
မြဝတီမြို့တောင်ဘက် သောင်ရင်းမြစ်ကမ်းတလျှောက်က နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့ ရွှေကုက္ကို၊ မယ်ထော်သလေး၊ အင်ကြင်းမိုင်၊ ဧက ၁၀၀၊ ရွှေပိတောင်မြိုင်၊ ကျောက်ခက်၊ AA ဆိုက်ဒ်၊ ဝမ်ခ၊ ဖလူး စတဲ့ မြေနေရာတွေမှာ တရုတ်နိုင်ငံသားတွေက ရင်းနှီးမြှုပ်နှံပြီး ကျားဖြန့်ငွေလိမ်လုပ်ငန်းတွေကို တရားမဝင် လုပ်ကိုင်နေတာပါ။
အဲဒီလုပ်ငန်းတွေကို ကရင်နယ်ခြားစောင့်တပ် (BGF) နဲ့ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) တပ်ဖွဲ့ဝင်တွေက လုံခြုံရေးယူပေးထားပါတယ်။ ကျားဖြန့်လုပ်ငန်းတွေမှာ အိန္ဒိယ၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ပါကစ္စတန်၊ မလေးရှား၊ ကိုရီးယား၊ အာဂျင်တီးနား၊ တရုတ်နဲ့ မြန်မာ စတဲ့ နိုင်ငံ ၂၀ ကျော်က နိုင်ငံသားတွေ လုပ်ကိုင်နေပါတယ်။
အဓမ္မစေခိုင်းခံရသူတယောက်က “ဒီထဲက အလုပ်သမားတွေက အလိမ်ခေါ်ခံရပြီးတော့မှ ရောက်လာတာများတယ်။ တချို့ဆိုရင် သူတို့စိတ်နဲ့ သူတို့ လုပ်ကြတာတွေ ရှိတယ်။ အမှန် ပြန်မယ့်အချိန်ကျရင် ပေးမပြန်တော့ဘူး။ အလုပ်သမားတွေဆိုရင် အရမ်းသနားဖို့ကောင်းတယ်။ တရုတ်လူမျိုးတွေဆိုရင် ပိုပြီး သနားဖို့ကောင်းတယ်။ အမြဲတမ်း နှိပ်စက်ခံရတာတွေ ရှိတယ်။ မြန်မာလူမျိုးတွေကျတော့ သူတို့ မနှိပ်စက်ရဲဘူး။ အခုကကျတော့ ဒီဆိုက်တွေထဲက သူဌေးနဲ့ ခေါင်းဆောင်တွေဆိုရင် သူတို့ ပိုက်ဆံရှိတဲ့အတွက်ကြောင့်မို့ သူတို့လုပ်ချင်တာ လုပ်လို့ရတယ်။ DKBA ကလည်း သူတို့ကို ကာကွယ်ပေးလိမ့်မယ်။ မြန်မာစစ်တပ်ကလည်း ကာကွယ်ပေးလိမ့်မယ်။ ဘယ်သူမှ ဂရုမစိုက်ဘူး အဲလိုပုံစံမျိုးနဲ့” လို့ ပြောပါတယ်။
တရုတ်-မြန်မာ-ထိုင်း-ကမ္ဘောဒီးယား-လာအိုနဲ့ ဗီယက်နမ် နိုင်ငံတွေအပြင် ဒေသတွင်း အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး အွန်လိုင်းလိမ်လည်မှု၊ လောင်းကစားမှုတွေကို မြန်မာ့မြေပေါ်ကနေ အပြီးတိုင် ချုပ်ငြိမ်းသွားအောင် အမြစ်ပြတ် ချေမှုန်းသုတ်သင်သွားမယ်လို့ နိုဝင်ဘာ ၁၈ ရက်မှာ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့ပါတယ်။
အခုလိုပြောဆိုပြီးနောက်ပိုင်း ဖလူးကျေးရွာမှာ ကျားဖြန့်လုပ်ကိုင်နေတဲ့ Great Demon God ကုမ္ပဏီက ရင်းနှီးမြှုပ်နှံတဲ့ တရုတ်တွေ၊ အရေးပါတဲ့သူတွေနဲ့ အလုပ်သမားတွေကို နိုဝင်ဘာ ၁၉ ရက် မနက်ပိုင်းက နေရာရွှေ့ပြောင်းဖို့ လုပ်ဆောင်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။
ကျားဖြန့်လုပ်ငန်းခွင်မှာ ညှဉ်းပန်းနှိပ်စက်ခံရသူ၊ မတရားရောင်းစားခံရသူတွေကို အမှန်တရားအတိုင်း ကူညီကယ်ဆယ်စေချင်တယ်လို့ မြဝတီမြို့ခံတွေက ပြောပါတယ်။
မြဝတီမြို့ခံတယောက်က “လစာတွေ အများကြီးပေးတယ်ဆိုပြီး မက်မောပြီးတော့ လာတာ ရောင်းစားခံရသူ အများကြီးရှိတယ်။ ပြီးတော့လည်း ညှဉ်းပန်းနှိပ်စက်ခံရတာ၊ အလွှဲအပြောင်းခံရတာတွေလည်း ရှိတယ်။ အဲဒီလိုမျိုး ညှဉ်းပန်းနှိပ်စက်ခံရပြီး မတရား ရောင်းစားခံရတယ်။ တချို့ မိသားစုနဲ့ အဆက်အသွယ်လုံးဝမရဘဲ ညှဉ်းပန်းနှိပ်စက်ခံရတယ်။ တယောက်နဲ့တယောက် ရောင်းစားတာ၊ ဘတ် သိန်းနဲ့သောင်းနဲ့ သူ့ရဲ့တန်ကြေး သူ့ရဲ့ပညာ ဘယ်လောက်ရှိလဲ၊ ရှိသလောက် ရောင်းစားတယ်။ နောက်ပြီး သူရဲ့ အသက်အာမခံချက် မရှိဘူး။ သူတို့အတွက်က အမှန်တရားဖြစ်စေချင်တယ်” လို့ ပြောပါတယ်။
အွန်လိုင်ကျားဖြန့်လုပ်ငန်းအတွင်း လုပ်ကိုင်နေသူတွေကို DKBA တပ်ဖွဲ့က ဖမ်းဆီးချုပ်နှောင်ထားတာ မရှိဘူးလို့ DKBA စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ် စောဆန်းအောင်က ပြောပါတယ်။
“ဒီလူတွေကို ကျနော်တို့ တယောက်မှ မချုပ်နှောင်ထာဘူး။ ဒါကြောင့် တာဝန်ယူ တာဝန်ခံတယ် ဆိုရင် အကုန်လုံး ခေါ်သွားလိုက်။ ဘယ်နိုင်ငံကပဲဖြစ်ဖြစ် လာခေါ်သွားလိုက်။ ကျနော်တော့ သတင်းထဲမှာ တွေ့တယ်။ နိုင်ငံပေါင်း ၂၀ ကျော်ကလား။ လာခေါ်သွားလိုက်။ တာဝန်ယူ တာဝန်ခံတဲ့လူ။ အရင်က ကျနော်တို့ ပို့နေတယ်။ ထိုင်းကလည်း ပို့တယ်။ ဗမာပြည်ကနေ ပို့နေတာပဲ။ အခုကြားကာလ ကြိုးကြားကြိုးကြား ပို့နေတာပဲ၊ တရားဝင် ပို့တာလည်းရှိ၊ မဝင်တာလည်းရှိ။ ဒီကြားထဲ ကျနော်တို့ အပြောခံရတာတွေလည်း ရှိပြန်တယ်။”
နိုဝင်ဘာ ၁၈ ရက် ညနေမှာ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ရွှေကုက္ကိုမြို့သစ်ရှိ ကျားဖြန့်အဆောက်အအုံတွေကို ဝင်ရောက်စစ်ဆေးခဲ့ရာ ကျားဖြန့်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသား ၃၄၆ ယောက်နဲ့အတူ ဖုန်းအလုံး ၁၀,၀၀၀ နီးပါးနဲ့ ကွန်ပျူတာ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
အောင်ခန့်


