
မြန်မာ-ထိုင်းနယ်စပ်တလျှောက် အွန်လိုင်းငွေလိမ်ကျားဖြန့်လုပ်ငန်းတွေကို ဦးဆောင်သူတွေ ဒါမှမဟုတ် ပတ်သက်နေသူ လူပုဂ္ဂိုလ် ၁၀ ယောက်နဲ့ ကုမ္ပဏီ ၉ ခုကို အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ်အရေးယူ ပိတ်ဆို့မှုတွေ ပြုလုပ်ထားပါတယ်။
အခုနိုဝင်ဘာလထဲမှာပဲ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) ခေါင်းဆောင် ၄ ယောက်နဲ့ ထိုင်းနိုင်ငံသား တယောက်အပါအဝင် ဆက်စပ်ကုမ္ပဏီတချို့ကို အရေးယူပိတ်ဆို့ခဲ့ပါတယ်။
ဒီမတိုင်ခင်ကလည်း ရွှေကုက္ကိုကို အဓိကတည်ထောင်တဲ့ ရထိုက်အုပ်စု၊ ကရင်နယ်ခြားစောင့်တပ် (BGF)၊ KNA နဲ့ ဗိုလ်မှူးကြီးစောချစ်သူ အပါအဝင် သူ့ရဲ့ မိသားစုဝင်တချို့နဲ့ ကုမ္ပဏီတွေကို အသီးသီး အရေးယူ ပိတ်ဆို့ထားခဲ့ပါတယ်။
ဒါ့အပြင် မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေက ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေကို နှိမ်နင်းဖို့ အမေရိကန်တရားရေးဌာနက FBI နဲ့ ပူးပေါင်းပြီး အထူးတပ်ဖွဲ့တခု နိုဝင်ဘာ ၁၂ ရက်က ဖွဲ့စည်းဆောင်ရွက်နေပါတယ်။
ဒီလိုအရေးယူဆောင်ရွက်နေမှုတွေဟာ မြန်မာနိုင်ငံထဲက လူကုန်ကူးမှု၊ အတင်းအဓမ္မ လုပ်အားပေးခိုင်းစေမှု၊ အွန်လိုင်း ငွေကြေးလိမ်လည်မှု ကွန်ရက်တွေကို ဖြိုခွင်းဖို့နဲ့ သူတို့ရဲ့ ငွေကြေးလမ်းကြောင်းတွေကို ပိတ်ဆို့ဖို့ ရည်ရွယ်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။
ဒါပေမဲ့ ဒီလိုပိတ်ဆို့မှုတွေကြောင့် ကျားဖြန့်တွေ ပျောက်ကွယ်သွားမှာ မဟုတ်ပေမဲ့ ငွေကြေးစီးဆင်းမှုတွေ ထိခိုက်နေပြီး တရားမဝင်လမ်းကြောင်းတွေအပြင် ဒီဂျစ်တယ်ငွေကြေးတွေကိုပါ ပြောင်းလဲ အသုံးပြုနေကြတယ်လို့ လေ့လာသူတွေက ပြောကြပါတယ်။
LA2M အဖွဲ့မှ ဦးဂျိမ်းစ်ရွှေက “ကမ္ဘာပေါ်မှာ ငွေကြေးစီးဆင်းမှု အဓိကက ဒီစနစ်တွေက အမေရိကန်က ဦးဆောင်နေတာ ဖြစ်တဲ့အတွက် အမေရိကန် စီးပွားရေးစနစ်ကနေပြီးတော့ ကျားဖြန့်နဲ့ပတ်သက်တဲ့ အဖွဲ့အစည်းတွေ အကုန်လုံးကို ထုတ်လိုက်တယ်ဆိုရင် သူတို့ ငွေကြေးစီးဆင်းမှုအတွက် ကသိကအောက် ဖြစ်သွားနိုင်ပါတယ်။ အဲဒါဆိုရင် ငွေ အဝင်အထွက် မရှိလို့ရှိရင်၊ ခက်လို့ရှိရင် သူတို့အတွက်ကတော့ အင်မတန် အကျိုးယုတ်မယ်လို့ ထင်ပါတယ်” လို့ ပြောပါတယ်။
အမေရိကန်ရဲ့ အရေးယူမှုတွေဟာ ကျားဖြန့်တွေအပေါ်မှာသာမကဘဲ အာဏာသိမ်းစစ်တပ်နဲ့ ထိုင်းနိုင်ငံအပေါ် နိုင်ငံရေးအရ ဖိအားတွေဖြစ်လာစေပြီး တရုတ်ကလည်း ဒေသတွင်းကို အမေရိကန်တွေ ဝင်ရောက်ပတ်သက်လာမှာကိုမလိုလားတဲ့အကြောင်း ထိုင်းအရေးကျွမ်းကျင်သူ ကိုစတီဗင်စန်းယုက သုံးသပ်ပါတယ်။
“နိုင်ငံရေးအရ ဖိအားပေးတာကိုတော့ မအလ စစ်အုပ်စုရော၊ ထိုင်းအစိုးရကရော ခံရတယ်လို့ ပြောလို့ရတယ်။ ဆိုတော့ တရုတ်ကလည်း သွယ်ဝိုက်တဲ့နည်းနဲ့ နိုင်ငံရေးအရ ဖိအားပေးတာကို ခံရတယ်လို့ ပြောလို့ရတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလုပ်ငန်းကို တရုတ်နိုင်ငံသားတွေက ဦးဆောင်ပြီး လုပ်နေတယ်ဆိုတာ အမေရိကန်ရဲ့ ကြေညာချက်ထဲမှာလည်း ပါပြီးသားဖြစ်တယ်။ ဒါကြောင့်လည်း တရုတ်က မဲခေါင်မြစ်ဝှမ်း ၆ နိုင်ငံက တာဝန်ရှိတဲ့သူတွေကို အရေးပေါ်ခေါ်ပြီး ကျားဖြန့်နှိမ်နှင်းရေးကိစ္စဆိုတဲ့ ခေါင်းစဉ်နဲ့ အစည်းအဝေး လုပ်တာဖြစ်တယ်။”
ကျားဖြန့်နှိမ်နင်းရေး အဖွဲ့ဖွဲ့စည်းကြောင်း အမေရိကန်က ကြေညာပြီး ၂ ရက်အကြာ နိုဝင်ဘာ ၁၄ ရက်နေ့မှာ တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနဲ့ ဗီယက်နမ် စတဲ့ မဲခေါင်-လန်ချန်း နိုင်ငံ ၆ နိုင်ငံ ဝန်ကြီးတွေ ကူမင်းမြို့မှာတွေ့ဆုံခဲ့ကြတာပါ။
ဒီလိုဖိအားတွေကြောင့် ရွေးကောက်ပွဲနဲ့ တရားဝင်မှုကို လိုချင်နေတဲ့ မြန်မာစစ်အုပ်စုအနေနဲ့ KK Park ကို ဝင်ရောက်ခဲ့ရသလို ထိုင်းနိုင်ငံရေးမှာလည်း ရိုက်ခတ်မှုတွေ ရှိနေတဲ့အကြောင်း ကိုစတီဗင်စန်းယုက ဆက်ပြောပါတယ်။
တဖက်မှာလည်း မတူညီတဲ့အမြင်တွေ ရှိနေပါတယ်။ ဒါကတော့ အမေရိကန်ကလုပ်နေတဲ့ ပိတ်ဆို့မှုတွေဟာ ထိရောက်မှုရှိမှာမဟုတ်ကြောင်း တရုတ်အရေးလေ့လာသူ ဒေါက်တာလှကျော်ဇောက ထောက်ပြပါတယ်။
“အမေရိကန်လုပ်တဲ့ ပိတ်ဆို့မှုတွေက ဘာမှသိပ်အကျိုးရှိတယ်လို့ မထင်ဘူးဗျ။ သူတို့ တကယ် ထိထိမိမိလုပ်ချင်ရင် အခု တရုတ်လုပ်နေသလိုပေါ့။ သတင်းအချက်အလက် အပြည့်အစုံပေးပြီးတော့ ဖမ်းခိုင်းတာတို့၊ နောက် သူ့နိုင်ငံသားတွေအပေါ်မှာ အပြစ်ရှိရင်ပဲဖြစ်ဖြစ်၊ သူ့နိုင်ငံသားတွေဖြစ်ရင်ဖြစ်ဖြစ် သူပြန်တောင်းရင် ပေးရတာတို့ ဒါမျိုးတွေက ပိုပြီးတော့ သွက်လက်တယ်ထင်တယ်။ ဒီပိတ်ဆို့မှုနဲ့ ဘာလောက်နဲ့ကတော့ သိပ်ပြီးတော့ ဖြစ်ဖြစ်မြောက်မြောက်ဖြစ်မယ် မထင်ဘူး။”
ဒီလိုမျိုး နိုင်ငံကြီးတွေ ပါဝင်လာတာကြောင့် မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်က KK Park ကို အပြီးသတ် နှိမ်နင်းမယ်လို့ ပြောလာသလို ထိုင်းဝန်ကြီးချုပ် အနုထင်း ကလည်း ကျားဖြန့်စစ်ပွဲ ဆင်နွှဲသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
ဒီအခြေအနေတွေကြောင့် ကရင်နယ်ခြားစောင့်တပ် (BGF) ရဲ့ ပြောရေးဆိုခွင့်ရှိသူ နိုင်မောင်ဇော်ကလည်း ရက်ပိုင်းအတွင်း ကျားဖြန့်တွေကို အပြီးတိုင် ဖယ်ရှားရှင်းလင်းမယ်လို့ ပြောလာပါတယ်။
“ဆောက်လုပ်ခွင့်ပေးထားတာလည်း ကျနော်တို့မှာလည်း အပြစ်ရှိတယ်လို့ ခံစားရလို့ ဒီကိစ္စကိုလုပ်တာ။ ဒါပေမဲ့ သို့သော် ကျနော်တို့သည် ဒီ Scammer အပေါ်မှာ ရှယ်ယာ ထည့်ယူထားခြင်းလည်း မရှိသလို ကျနော်တို့ အဲဒီကနေရရှိထားတဲ့ အကျိုးအမြတ်ကိုလည်း ခွဲဝေရယူခြင်း မဟုတ်ဘူး။ မြေယာငှားရမ်းပေးတာသက်သက်ပဲ။ BGF က အခုနပြောသလို ဒီမြေပေါ်မှာ မကောင်းတဲ့ လုပ်ရပ်လုပ်တဲ့အတွက် မြေပိုင်ရှင်လည်း ဒါကတော့ အခုက စွပ်စွဲခံရတဲ့အထဲမှာ ပါသွားတာပေါ့နော်။”
ဒ့ါအတူ DKBA စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ်စောဆန်းအောင်ကလည်း သူတို့အဖွဲ့အနေနဲ့ ကျားဖြန့်လုပ်ငန်းတွေနဲ့ ပတ်သက်မှုမရှိကြောင်း ငြင်းဆိုထားပါတယ်။
မြန်မာ-ထိုင်းနယ်စပ်မှာနေထိုင်တဲ့ ဒေသခံတယောက်ကတော့ ကျားဖြန့်လုပ်ငန်းတွေနဲ့ ပါဝင်ပတ်သက်သူတွေကို BGF နဲ့ DKBA တပ်ဖွဲ့ဝင်တွေက အခုချိန်ထိ ကာကွယ် ပြောင်းရွှေ့ပေးနေတယ်လို့ ပြောပါတယ်။
ထိုင်း-မြန်မာနယ်စပ်မှာနေ အမျိုးသားတယောက်က “နယ်ခံတွေအမြင်နဲ့ကြည့်ရင် ဒီတိုင်းပဲ လမ်းပေါ်မှာတောင်တွေ့နေရတာပဲ။ ဥပမာ-တခြားသောမြန်မာပြည်မှာရှိတဲ့ တိုင်းနဲ့ ပြည်နယ်မှာ မရှိတဲ့ဟာတွေ ကျနော်တို့ဒီဘက်မှာ ရပ်ကွက်တိုင်းမှာတောင် ဂိမ်းရုံတွေ၊ ဖဲရုံတွေဆိုတာက ရပ်ကွက်တိုင်း၊ လမ်းကြိုလမ်းကြားတိုင်းမှာရှိနေတာလေ။ ဒါတွေကိုတောင် အဖွဲ့အစည်းတွေကပဲ ကာကွယ်ပေးပြီးတော့ ထိန်းချုပ်ထားတာဆိုတော့လေ၊ ဒီတော့ တခြား ကျားဖြန့်ကို သူတို့နှိမ်နှင်းမယ်ဆိုတာက တကယ့်ဟာသကြီးပဲဖြစ်နေမှာပေါ့။ လက်တွေ့မှာတော့ ဂိမ်းရုံလေးတွေတောင် လက်နက်ကိုင်ပြီး ယူနီဖောင်းဝတ်ပြီး၊ သေနတ်ကိုင်ပြီး သူက ကာကွယ် ပေးနေတာလေ”လို့ပြောပါတယ်။
လက်ရှိ အဖျက်ပြနေတဲ့ ကျားဖြန့်လုပ်ငန်းတွေကို မြဝတီမြို့တောင်ဘက်အခြမ်းက သဲပုံရွာနဲ့ သီမၣ်သဝီရွာ အနီးဝန်းကျင်ကို ပြောင်းရွှေ့ထားတဲ့အပြင် KK Park အနီးဝန်းကျင်မှာတင် တချို့လုပ်ငန်းတွေ လည်ပတ်နေတုန်းပဲလို့ ဒေသခံက ပြောပါတယ်။
ကျားဖြန့်လုပ်ငန်းတွေကို တကယ်ပပျောက်အောင် အရေးယူချင်တယ်ဆိုရင် စာထုတ်ရုံ၊ အစည်းအဝေးထိုင်ရုံ၊ အဖွဲ့ ဖွဲ့ရုံနဲ့ မရတာကြောင့် မြေပြင်အထိ စုံစမ်းဝင်ရောက်လာဖို့ကို နယ်ခံတွေက လိုလားနေကြကြောင်း ပြောပါတယ်။
စိုးသူအောင်


