
အို… အလုပ်သမား၊ လယ်သမား
ပြည်သူများတို့
ဂျော်နီတို့ လင်မယား၊ တန်ခိုးထွားအောင်
များများ ဖျားနာကြပါကုန်။ ။
တင်မိုး
စစ်တပ်ရဲ့ စွပ်စွဲချက်အရ “တပ်မတော်ကို ဆန့်ကျင်တိုက်ခိုက်သော ကဗျာများ” ကို ဖိုင်တွဲကြီးတတွဲစာ ပုဒ်ရေများစွာ ရေးသားပြုစုခဲ့သူ ကဗျာဆရာကြီး (ဦး)တင်မိုး သက်ရှိထင်ရှား ရှိနေဦးမည်ဆိုရင် ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်ဟာ ၉၂ နှစ်မြောက် မွေးနေ့ပါ။ သူဟာ ၂၀၀၇ ခုနှစ် ဇန်နဝါရီ ၂၂ ရက်က ကွယ်လွန်ခဲ့ပါပြီ။ သူ့ ၉၂ နှစ်မြောက်မွေးနေ့မှာ သူ နယူးယောက်မှာ စာပေဟောပြောစဉ်က ပါဝင်ခဲ့တဲ့ ကဗျာတွေ ဘာကြောင့် ရေးသားဖြစ်ခဲ့တယ်ဆိုတဲ့ အကြောင်းထဲက ဒေါက်တာဂျော်နီကဗျာ ရေးဖြစ်ခဲ့ပုံကို ပြန်လည် စာရိုက် ဖော်ပြလိုက်ပါတယ်။
၂၆ ဇွန် ၂၀၀၀ (နယူးယောက်မြို့၊ အမေရိကန်နိုင်ငံ) ဆရာတင်မိုး စာပေဟောပြောပွဲ
"မြန်မာကဗျာများနှင့် ဒီမိုကရေစီခရီးစဉ်" ခေါင်းစဉ်နဲ့ ဟောပါတယ်။
ဒေါက်တာဂျော်နီကဗျာ အကြောင်း ဆရာတင်မိုးပြောကြားချက်
ဒီလိုပါ။ ကဗျာလည်း စိတ်ကူးရှိသလို ကဗျာရေးနေတော့ မန္တလေး တက္ကသိုလ်ကနေ ရန်ကုန်တက္ကသိုလ်မှာ ဆရာမင်းသုဝဏ်က ခေါ်လို့ ဘာသာပြန်ဌာနကို ရောက်သွားတယ်။ အဲသည်မှာ ဆေးတက္ကသိုလ်က ကျောင်းသားတွေက လာပြီးတော့ မင်္ဂလာဒုံ ဆေးတက္ကသိုလ် ၁ က (အခုတော့ မြောက်ဥက္ကလာရောက်သွားပြီ။) အခုတော့ အဲ့ဒီမှာ တပ်မတော်ဆေးတက္ကသိုလ် ဖြစ်နေပါပြီ။ အဲ့သည်တော့ စစ်သင်တန်းတွေ တက်နေသလား ဘာတွေလား မပြောတတ်ဘူး။ ဆေးထိုးအပ်အစား သေနတ်ပဲ ကိုင်နေသလားတော့ မပြောတတ်ဘူး။ ဆေးတက္ကသိုလ်တွေ၊ အင်ဂျင်နီယာ တက္ကသိုလ်တွေကလည်း စစ်တက္ကသိုလ်တွေ ဖြစ်ကုန်ပါပြီ။ အဲ့သည်မှာ ကျောင်းသားတွေက သူတို့ ဆေးတက္ကသိုလ် ၁ နှစ်လည်မဂ္ဂဇင်း ထုတ်ချင်လို့တဲ့။ ကျနော်လည်း ရေးပေးလိုက်တယ်။ ဆေးတက္ကသိုလ် ကျတော့လည်း ဆရာဝန်တွေအကြောင်းပဲ ရေးပေးလိုက်တယ်။ ကျနော် "ဒေါက်တာဂျော်နီ" ဆိုတဲ့ကဗျာ ရေးခဲ့ပါတယ်။ အဲ့တော့ ဂျော်နီဆိုတဲ့ ကျောင်းသားလေး ဆေးတက္ကသိုလ်ရောက်လာတဲ့အကြောင်းပေါ့။
ဆရာတင်မိုးက ကျောင်းသားတွေကို လေးစားတယ်
ကျနော်က ပညာတတ်တွေကို လေးစားပါတယ်၊ ခေတ်တလျောက် ပညာတတ်တွေက ဦးဆောင်ခဲ့တာပါပဲ။ အထူးသဖြင့် ကျောင်းသားတွေက ရန်ကုန်တက္ကသိုလ် ကျောင်းသားတွေက မြန်မာနိုင်ငံ လွတ်လပ်ရေး ရတဲ့အထိ ဆောင်ကြဉ်းခဲ့တာ ရှိတယ်။ ၁၉၂၀၊ ၁၉၃၆၊ ၁၉၃၈ အဲဒါတွေ တက္ကသိုလ်သမဂ္ဂကျောင်းသားတွေကပဲ ဦးဆောင်ခဲ့တယ်။ အင်မတန်တော်တယ်။ တိုက်ပွဲဝင်တယ်၊ စွန့်လွှတ်ကြတယ်၊ စွန့်စားကြတယ်။ အဲ့သည်လို ကျနော်တို့ သမိုင်းကိုက ကျောင်းသားတွေရဲ့ သမိုင်းပဲ။ တော်တော့်ကို ကျက်သရေရှိတဲ့သမိုင်း ဂုဏ်ယူရမယ့်သမိုင်းပဲနော်။ အဲ့သည်တော့ ကျနော်က ကျောင်းသားတွေကို သဘောကျတယ်။ ကျနော်က ဂျော်နီ ကဗျာရေးတဲ့အချိန်က မဆလခေတ်ကိုး၊ မဆလခေတ် ကျောင်းသားတွေက ဘာတွေများ ဆည်းပူးနေကြသလဲဆိုတာကို သုတေသန ပြုတဲ့အနေနဲ့လည်းပါတယ်။ ဒေါက်တာဂျော်နီ ကဗျာဟာ သမိုင်းသုတေသနပေါ့ အစက
"ဒေါက်တာဂျော်နီ"
ကျွန်တော်ဂျော်နီ၊ သရီးဒီကြောင့်
အမ်စီကို ရောက်ခဲ့တယ်။
ကျနော် ကဗျာရေးတဲ့ ၆၈ ခုနှစ်က သရီးဒီနဲ့ ဆေးတက္ကသိုလ်ကို ရောက်တယ်။
နောက်တော့ 6 D တောင်မှ မရောက်ချင်တော့ဘူးပေါ့။
ကျွန်တော်ဂျော်နီ၊ သရီးဒီကြောင့်
အမ်စီကို ရောက်ခဲ့တယ်။
မက်(စ်)၊ ဖစ်ဆစ်၊ အင်္ဂလစ်ရှ်မှာ
ဒစ်စတင်းရှင်းတွေ၊ ဖြိုင်ဖြိုင်ဝေတော့
အိုင်အယ်လ်အေ ကောင်းခဲ့တယ်။
မောနင်းကျူရှင်၊ နိုက်ကျူရှင်နှင့်
ကွက်ရှင်ဟူသမျှ၊ အနံ့ရရာ
အိမ်ကကားနှင့် ပို့ခဲ့တယ်။
ရီဇတ်အောက်တော့၊ မျက်နှာမော့၍
ရင်ကော့နိုင်သေး၊ ဘာလိုသေးလဲ
ဆေးကျောင်း ဒါရိုက်ရောက်တော့တယ်။
တင်မိုး
မောင်မင်းကြီးသား ရှောရှောရှူရှူ ဆေးကျောင်းရောက်သွားတာပေါ့။ ကျနော်ကလည်း တက္ကသိုလ်ထဲနေတော့ ဆေးကျောင်းသားတွေကို ကားကြီး ကားငယ် အသွယ်သွယ်နဲ့ မြင်နေရတယ်၊ တွေ့နေရတယ်။ နောက်တခါ ဆေးတက္ကသိုလ် (၁) နို့တစ်ဘုတ်မှာ ဆေးတက္ကသိုလ် ဝင်ခွင့်ရသူများ စာရင်းမှာလည်း ရန်ကုန်က ကျောင်းသားတွေချည်းပဲ။ နယ်ကသူ တယောက်မှ မပါဘူး။ အဲ့သည်တော့ ရန်ကုန်က ကျောင်းသားတွေ တယ်တော်ပါလားပေါ့။ နယ်က ကျောင်းသားတွေ ညံ့ပါ့ပေါ့။ ဖရက်ရှာဒေး မိန့်ခွန်းမှာဆိုရင် ပါမောက္ခချုပ်ကပြောတယ်။ ယခုနှစ် နယ်က ကျောင်းသူ ကျောင်းသားများ ကျနော်တို့ ဆေးတက္ကသိုလ် ၁ ကို ရောက်ရှိလာတာ မတွေ့ရပါ။ နယ်က ကျောင်းသူကျောင်းသားများ ကြိုးစားကြပါရန် ပန်ကြားအပ်ပါသည်။ နောက်တနှစ် မိန့်ခွန်းလည်း အဲ့သည်အတိုင်းပဲ။ နောက်တနှစ် မိန့်ခွန်လည်း အဲ့သည်အတိုင်းပဲ။ ဒီလူတန်းစား သက်သက်ပဲ။ ဒီလိုဆိုတော့ တောကျေးလက်မှာ ကျောင်းသားလေးတွေကတော့ ဆေးပညာကို သင်ကြားခွင့်မရဘူး။ တောကျေးလက်ဖွား၊ အမေ့သားများ၊ လျက်ဆားပဲ ရောင်းစရာရှိမယ်။ ဆေးတက္ကသိုလ်တော့ ရောက်စရာမရှိဘူး။ အဲ့သည်အကြောင်းတွေ ရေးသပေါ့။ နောက်တခါ ဆေးတက္ကသိုလ်မှာ တက္ကသိုလ်ကျောင်းသားဆိုတာ အတွေးအခေါ်က အဆင့်အတန်းမြင့်တယ်။ ပြည်သူတွေကို နား မျက်စိဖွင့်မယ်။ ကိုယ့်ပညာနဲ့ ပြည်သူကို အကြိုးပြုမယ်ဆိုတဲ့ တချိန်တုံးက ဗိုလ်ချုပ်အောင်ဆန်းတို့တုန်းက လိုပေါ့ဗျာ။ ဗိုလ်ချုပ်အောင်ဆန်းတို့ခေတ်က ကျောင်းသားတွေ အင်မတန် မျိုးချစ်စိတ်ရှိကြတယ်။ တကိုယ်ကောင်းစိတ် အင်မတန် နည်းကြတယ်။
ကျောင်းသူ ကျောင်းသားဆိုတာ တိုင်းပြည်ရဲ့ မျှော်လင့်ချက်ပဲ။ တိုင်းပြည် အနာဂတ်ပဲ။ ကျောင်းသားကို တိုင်းပြည်ကလည်း မြတ်နိုးတယ်။ အထွတ်အထိပ်ထားတယ်။ ကျနော်တို့ ခွပ်ဒေါင်းပေါ့ဗျာ။ ခွပ်ဒေါင်းအလံတွေ အများကြီးဆိုရင် စိတ်ထဲမှာ ပီတိဖြစ်တယ်။ ငါတို့ရဲ့ သားသမီးတွေပဲ။ ငါတို့ မိဘတွေရဲ့ အကြိုးကျေးဇူးကိုဆောင်မယ့် သားသမီးတွေပဲ။ အဲ့သလို ယုံလည်းယုံကြည်တယ်။ သမိုင်းတလျှောက်လည်း အဲ့သလိုပဲ ဖြစ်ခဲ့တယ်။ ကျနော်တို့ သမိုင်းက သိတဲ့အတိုင်းပါပဲ။ ကျောင်းသူကျောင်းသားတွေ ဦးဆောင်လို့ ဖြစ်ပေါ်လာတဲ့ သမိုင်းပါပဲ။ ရဲဘော်သုံးကျိပ်ဆိုလည်း ကျောင်းသားက ဖြစ်လာတာပါ။ ကျနော်က မဆလခေတ်ဆေးကျောင်းမှာ ဂျော်နီ မော်လီတို့ ဘာလုပ်နေလဲ ကဗျာဖွဲ့မိတာ။
(၂)
အမ်စီတက်တော့
ဆိမ်းဗက်ချ်က၊ ခပ်ကြွကြွလေး
ကောင်မလေးနှင့်
စာမေးရင်းက ဆုံကြတယ်။
ဒီကောင်မလေး အသွေးဖြူဖြူ
နှုတ်ခမ်းထူသနဲ့။ အမူပိုပို၊ အဖိုအရှိူက်
ဘီးဟိုက်အုပ်လုံး၊ နားရွက်ဖုံးသနဲ့။
မျက်လုံးကစား၊ ခြေဖျားမြှောက်ချီ
ပိုးတီတွန့်ဟန်၊ ခေတ်ကဆန်သနဲ့။
ဟန်ပန်သွက်သွက် လျှပ်လိုလက်တော့
ပရက်တီကယ်မှာ ဆုံကြတယ်။
အဲ့သည်လို လို ရေပေါ်ဆီပေါ့ဗျာ။ အမူအရာလေးတွေနဲ့ ဆေးကျောင်းထဲမှာ တွေ့တွေ့နေကြရတာကို ကျနော်က လှောင် ရေးခဲ့တာပါ။
(၃)
နောက်တော့….
‘ကျမနာမည်၊ မော်လီတဲ့လေ
ဒက်ဒီတို့က၊ အမ်စီသွားပါ
ဆိုလို့သာဘဲ၊
ဝါသနာဆို၊ မပါလိုက်တာ
စိတ်ကုန်ပါရော’
ဘာရယ်ညာရယ်၊ ရယ်ပေါင်းစုံစွာ
ဟန်မူရာနှင့်။
‘ဟိုလေ… အန်-အန်၊ ကာလ်တန်မှာ
အီတာလျံကား၊ လဲသွားပြီနော်
အော်- အော် ဟုတ်သား၊ မေ့များနေသေး
ဖရိုက်ဒေးဟာ၊ ကိုယ့်မွေးနေ့ပေါ့
ကိုယ့်မွေးနေ့မှာ၊ ယူလာရမယ်
လာရမယ်နော်၊ ယူ့အဖော်တွေ
ခေါ်ချင်ခေါ်ခဲ့’။
ဘာတဲ့ညာတဲ့၊ မဲ့ချည်နွဲ့ချည်
ဟိုသည်ကြောင်းရာ၊ စုံလေပါရော
ပန်ကာမလေး ဆိုလောက်တယ်။
(၄)
တလနှစ်လ၊ သုံးလေးလမှာ….
တလ ၂ လ ၃ လက ကဗျာထဲမှာပါ။ တကယ်က အဲ့သည်လောက်တောင် မကြာပါဘူး။
တလနှစ်လ၊ သုံးလေးလမှာ….
လက်ဖက်ရည်ဆိုင်၊ ထိုင်လည်းတူတူ
လူသူစည်ရာ၊ ကော်ရစ်ဒါမှာ
လာလဲတွတ်ထိုး၊ ခန်းထောင့်ချိုးမှာ
တိုးတိတ်တိုးတိတ်၊ မွတ်သိပ်လှစွာ
ဘာညာဘာညာ၊ ဖြစ်ကြတာတွေ
တခါတရံ၊ အင်းယားကန်မှာ
မှန်ကလေးတချပ်၊ ဖျတ်ကနဲကွဲ
မြက်ခင်းထဲမှာ၊ လှဲကာလူးကာ
ကောင်းကင်ပြာက၊ ဟိုမှာတလုံး
သည်တလုံးဟု၊ ကြယ်ကုံးရေတွက်
တိမ်ကိုဖက်လျက်၊ သစ်ရွက်ဆုပ်ချေ
တညနေက
ရီဝေရီဝေ ထွေခဲ့တယ်။
(၅)
သည်လိုနှင့်ပင်
ရုပ်ရှင်ကြည့်လိုက်၊ စာကျက်လိုက်နှင့်
တွဲလိုက်လည်လိုက်၊ ဖားခွဲလိုက်နှင့်
အမြိုက်အရသာ၊ ခံစားရာက
ဒေါက်တာဂျော်နီ ဖြစ်ပါရော။
ဒေါက်တာမော်လီ ဖြစ်ပါရော။
(၆)
ထို့နောက် –
‘ဒေါက်တာဂျော်နီ၊ အမ်ဘီဘီအက်စ်နှင့်
ဒေါက်တာမော်လီ၊ အမ်ဘီဘီအက်စ်’ ဟု
ပြောင်လက်ကြေးပြား၊ အထင်းသားဝယ်
ကြွားကြွားရွားရွားပေါ်ခဲ့တယ်။
ကားနှင့်တိုက်နှင့်၊ မော်လီနှင့်မို့
တင့်တင့်တယ်တယ် ဖြစ်ခဲ့တယ်။
(၇)
အို – အလုပ်သမား၊ လယ်သမား
ပြည်သူများတို့……
ဂျော်နီတို့လင်မယား၊ တန်ခိုးထွားအောင်
များများ ဖျားနာကြပါကုန်။ ။
(တင်မိုး)
ကျနော်က အဲ့သည်လို ရေးခဲ့ပါတယ်။ ဒို့တတ်နိုင်တာက ဒို့ ဖျားပေးရမှာပဲပေါ့။
(ဒေါက်တာဂျော်နီကဗျာလှိုင်း ရိုက်ခတ်မှု)
(လှိုင်း)
မြကန်သာလယ်
ခဲငယ်ငယ်လျှင်
ကမ်းကျယ်အနှံ့ရိုက်သတည်း။ ။
(တင်မိုး)
ဆရာ့ရဲ့ "လှိုင်း" ကဗျာလိုပါပဲ။ ဒေါက်တာဂျော်နီကဗျာရဲ့ ရိုက်ခတ်မှုတွေဟာ ကြီးမားခဲ့ပါတယ်။ မဆလ စစ်ဗိုလ်တွေက ကဗျာဆရာကို အမုန်းထားခဲ့ပါတယ်။ စောင့်ကြည့်ခဲ့ပါတယ်။ တချိန်ချိန်မှာ တွေ့သေးတာပေါ့ဆိုပြီး စစ်ထောက်လှမ်းရေးက တေးထားခဲ့ပုံပါ။ ဒီလိုနဲ့ ၈၈၈၈ အပြီးမှာတော့ "နဝတကို ဆန့်ကျင်တိုက်ခိုက်သော ကဗျာများ" ရေးသားမှုနဲ့ ဆရာတင်မိုး ထောင် ၄ နှစ် ကျသွားရတဲ့အထိ ဖြစ်ခဲ့ပါတော့တယ်။ ကျနော်ကိုယ်တိုင်လည်း "ဒေါက်တာဂျော်နီကဗျာ" ဟာ ဆရာဝန်တွေကို တိုက်ခိုက်တဲ့ ကဗျာလို့ ထင်ခဲ့ဘူးပါတယ်။ ကျောင်းသားဘဝက ဒီကဗျာကို လက်ရေးနဲ့ကူး ဖြန့်ခဲ့ကြပါတယ်။ အခု ဆရာ ရှင်းပြမှပဲ မဆလခေတ် ကျောင်းသားလောကကို သရော်စာ ကဗျာလို့ သိရပါတော့တယ်။ ဒီကဗျာ ဆေးတက္ကသိုလ် မဂ္ဂဇင်းထဲမှာ ပါလာပြီးတော့ နောက်ထပ် စာရေးဆရာကြီး တက်တိုးကလည်း ဂါးဒီးယန်း မဂ္ဂဇင်းထဲမှာ အင်္ဂလိပ်လို ဘာသာပြန်ပြီး ထည့်လိုက်တယ်။ ကျနော်ဂျော်နီ သရီးဒီနဲ့ MC ကိုရောက်ခဲ့တယ် ဆိုတဲ့ ဒီကဗျာလေးကို စာရေးဆရာမကြီး ခင်ဆွေဦးရဲ့ ဝတ္ထုတပုဒ်ထဲမှာလဲ ဖတ်ဖူးခဲ့တယ်။ ဒီကဗျာကို နော်ဝေး၊ ဂျပန်၊ ပြင်သစ်ဘာသာတွေလည်း ပြန်ဆိုတယ်လို့ကြားပါတယ်။
ဒေါက်တာဂျော်နီကဗျာ Satire ကဗျာ
ခေတ်စနစ် ကမောက်ကမ ဖြစ်ရတာတွေကို သရော်လှောင်ပြောင်တဲ့ Satire အမျိုးအစား နာမည်ကျော်ကဗျာလေးပါ။ နားမလည်တော့ ဆရာဝန်တွေကို တိုက်ခိုက်တဲ့ကဗျာဆိုပြီး မဆလစစ်တပ် ဗိုလ်မှူးကြီးသုတ စာရေးဆရာ ဆရာဝန် ပါမောက္ခကြီးက ဆေးတက္ကသိုလ် ၂ စာပေဟောပြောပွဲမှာ အမျက်ဒေါသ ထွက်ဖူးခဲ့ပါတယ်။ ဆရာတင်မိုးက အညာသား တောင်သာမြို့နယ် ဇဂျမ်းရွာသား ဖြစ်ပါတယ်။ တောသား ကဗျာဆရာက ဆရာဝန်ဖြစ်နိုင်တဲ့ အရည်အချင်းမရှိလို့ ဆရာဝန်တွေကို အပုပ်ချတယ်လို့ မဆလတပ် ဗိုလ်မှူးကြီးက ဒေါသတကြီး ဆေးကျောင်းသားတွေကို ပြောခဲ့ဘူးတယ်။ ဒီလိုနဲ့ ဆရာတင်မိုးရဲ့ "ဒေါက်တာဂျော်နီကဗျာ" အပါအဝင် ကဗျာတွေကြောင့် မဆလ စစ်တပ်နဲ့ အမြဲပဲ ပြဿနာရှိခဲ့ဖူးတာပါ။ အဲ့သည်ကနေ ၈၈၈၈ ကြီး ဖြစ်လာတော့ ဆရာ့ရဲ့ ၈၈၈၈ ကျောင်းသားဂုဏ်ပြုကဗျာတွေ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ဂုဏ်ပြုကဗျာတွေ စစ်အာဏာရှင်ကို ဆန့်ကျင်ကဗျာတွေ မြောက်မြားစွာ ရေးသားအပြီးမှာတော့ ဆရာ့ကို ထောင် ၄ နှစ် ချခဲ့ပါတော့တယ်။
တင်မိုး ၉၂ နှစ်ပြည့်မွေးနေ့နဲ့ နွေဦးအတွက် သူ့ကဗျာများ
မကြွေပန်း
ကျောက်စရစ်၌
အမြစ်တွယ်ရောက်၊ အပင်ပေါက်လျက်
ပေါက်သည့်အပင်၊ အပွင့်ဆင်လျှင်
နွေတွင်ဘယ်မှာ၊ ကြွေမည်နည်း။ ။
တင်မိုး
၂၀-၁-၆၆
မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ကန်မြဲရွာမှာ ကဗျာဆရာတင်မိုးကို ၁၉၃၃-ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့က အဖ ဦးဘအို၊ အမိ ဒေါ်စံထယ်တို့က မွေးဖွားခဲ့တယ်။ အမည်ရင်း ဘဂျမ်းဖြစ်တယ်။ (မှတ်ချက်။ ။ ၁၉၉၈ ခုနှစ်က တင်မိုးကို ထောက်လှမ်းရေးက စောင့်ဖမ်းနေချိန် ပတ်စပို့မှာ အမည် ဦးဘဂျမ်းနဲ့ ကံကောင်းစွာ ပြည်ပကို ပြည်ထွက်ခွင့်ရခဲ့တယ်။) ဇဂျမ်းတိုင်းရင်းမြန်မာ အလယ်တန်းကျောင်း၊ ကန်မြဲ မန္တလေးကျောင်းတိုက် ဆရာတော် ဦးအာစာရကျောင်း၊ ပခုက္ကူ ဆရာဦးခင်မောင်ကြီး ကျူရှင်ကျောင်း၊ ရေစကြိုအစိုးရအထက်တန်းကျောင်းတို့မှာ ပညာသင်ခဲ့တယ်။ သူ့သူငယ်ချင်း မောင်စွမ်းရည် ပြောပြခဲ့တာက ဘဂျမ်းကလေးဟာ ဘုန်းကြီးကျောင်းသားဘဝကတည်းက ဆရာတော်ကျောင်းက ဇိနတ္ထပကာသနီ အစရှိတဲ့ စာအုပ်ရှိသမျှကို ( ၂ ခါပြန် ၃ ခါပြန်) ဖတ်လို့ပြီးနေခဲ့သတဲ့။
၁၉၅၀ ပြည့်နှစ် သီတင်းကျွတ်အထူးထုတ် ဗဟိုရ်စည်သတင်းစာမှာ ဝါကျွတ်သဘင်ကဗျာကို 'ကန်မြဲသက်နှင်း' အမည်နဲ့ စရေးတယ်။ အထက်ဗမာနိုင်ငံစာရေးဆရာအသင်း စာဆိုတော်မဂ္ဂဇင်း (၁၉၅၁) မှာ 'ကန်မြဲနန်းမြင့်နွယ်' ကလောင်နဲ့ လယ်ထဲက တေးသံချို ကဗျာ စရေးခဲ့တယ်။ ၁၉၅၅ ခုနှစ်က လူထုဂျာနယ်မှာ 'ကိုရင်ဂျမ်း' 'စန်းရောင်' အမည်တွေနဲ့ ကဗျာတွေ စရေးခဲ့တယ်။ ၁၀ တန်းစာမေးပွဲကို (၁၉၅၇) မြန်မာစာဂုဏ်ထူးနဲ့ အကောင်းဆုံး အောင်မြင်ပြီး တက္ကသိုလ်ပညာသင်ဖို့ မရေမရာဖြစ်နေချိန် ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနပါမောက္ခ ဦးအေးမောင်ရဲ့ ညွှန်ကြားချက်အရ မန္တလေးတက္ကသိုလ် မြန်မာစာပါမောက္ခ ဦးချမ်းမြ (စာရေးဆရာ မြကေတု)က မန္တလေးတက္ကသိုလ်မှာ ပညာသင်ထောက်ပံ့ကြေးနဲ့ သင်ခွင့်ပေးခဲ့တယ်။ ဒါကြောင့် မန္တလေးတက္ကသိုလ်နဲ့ ရန်ကုန်တက္ကသိုလ်တွေမှာ ဆက်လက်ပညာသင်ကြားခဲ့တယ်။ ၁၉၅၈ ခုနှစ် ဖေဖော်ဝါရီလထုတ် သွေးသောက်မဂ္ဂဇင်းမှာ "အခိုးခံရသော ကာရံကလေးများ" ကဗျာမှ အစပြုပြီး 'တင်မိုး' အမည်ယူခဲ့တယ်။ ၁၉၅၉ ခုနှစ် မန္တလေးတက္ကသိုလ် ကလောင်ရှင်များအသင်းက ထုတ်ဝေတဲ့ ပထမဆုံးလုံးချင်းကဗျာစာအုပ် ‘ဖန်မီးအိမ်’ ဟာ တင်မိုးရဲ့ ပထမဆုံးလုံးချင်းကဗျာစာအုပ်ဖြစ်ပြီး အဲ့သည်နှစ်အတွက် စာပေဗိမာန်ဆုကို ရရှိတယ်။
ကဗျာပုဒ်ပေါင်းများစွာရေးသားခဲ့ပြီး ‘ပန်းဈေးခင်း’ ကဗျာစာအုပ် (၁၉၆၇)နဲ့ ‘ပိတောက်မှသရဖီသို့’ ၁၉၆၇ ထွက်တယ်။ ‘စိမ်းလန်းသောအိပ်မက်’ (၁၉၆၉)၊ ‘နှင်းဆီပွင့်ပေါ်အိပ်ပျော်ခြင်း’ (၁၉၇၃)၊ ‘ပုဂံကျောင်းကခေါင်းလောင်းသံ’ (၁၉၇၇) ကဗျာစာအုပ်တွေ ထွက်ခဲ့တယ်။ ‘ထီးကလေးနဲ့မနီ’ ကလေးကဗျာစာအုပ်နဲ့ ၁၉၇၀ ပြည့်နှစ်အတွက် အမျိုးသားစာပေဆုရရှိခဲ့တယ်။ ၁၉၇၁ ခုနှစ် ‘ပျိုးခင်းတေးသံ’ ကလေးကဗျာစာအုပ် ၁၉၇၂ ခုနှစ်က ‘ခုနှစ်စဉ်ကြယ်’ စာပေယဉ်ကျေးမှုဆောင်းပါးစု စာအုပ်ထွက်ပြီး ပြည်ပမှာ ထုတ်ခဲ့တဲ့ ကဗျာစာအုပ်၊ စကားပြေစာအုပ်တွေလည်း ရှိသေးတယ်။
တင်မိုး ၉၂ မွေးနေ့
ဆေးလိပ်တိုစ၊ မီးငြိမ်းလှပြီ
ကြာခဲ့ပြီလည်း၊ ကဗျာမီးအိမ်
လင်းလို့ထိန်ဆဲ၊ သန်းခေါင်ထဲတွင်
ကာရန်လွင်ဆဲ၊ နွေတိုက်ပွဲထိ
တင်မိုး၏ကဗျာများ၊
တော်လှန်အားသစ် ဖြစ်ဆဲတကား။ ။
လူထုကို သတ်နေတဲ့ စစ်အာဏာရှင်တွေကို မွေးမလာသင့်သူတွေလို့ ပြောကြတယ်။ လူထုအတွက် ကဗျာတွေရေးပေးခဲ့သူ ကဗျာဆရာကြီး (ဦး) တင်မိုးကိုတော့ ပြည်သူ့ပြည်သားတွေက ချစ်လွန်းလို့ လေးစားလွန်းလို့ ကွယ်လွန်ပြီး နှစ်ပေါင်း ၂၀ နီးပါးကြာတဲ့တိုင် သတိရဆဲပေါ့။ ၂၀၂၅ နိုဝင်ဘာ ၁၉ ဟာ ကဗျာဆရာ တင်မိုးရဲ့ ၉၂ နှစ်ပြည့် မွေးနေ့ပါ။ နေလုံးကြီးကတော့ တောင်စွယ်မှာ ကွယ်သွားခဲ့ပါပြီပေါ့။ သူ့ရဲ့ အရောင်အရှိန်အဝါတွေကတော့ ထွန်းလင်းတောက်ပဆဲပါ။ ပြည်သူပြည်သားတွေကို အလင်းပေးဆဲပါ။ အမှောင်ညထဲ လမ်းပြဆဲပါ။ ကဗျာဆရာကြီး ဦးတင်မိုးရဲ့ ရဲရဲတောက် တော်လှန်ကဗျာတွေကတော့ ပြည်သူ့နွေဦးတော်လှန်ရေးကြီးကို လမ်းပြနေဆဲ။ ဦးဆောင်ဆဲပါတကား။ ။
မောင်တူး


