
ပြီးခဲ့တဲ့အပတ်က မလေးရှားမှာ အာဆီယံ ထိပ်သီးစည်းဝေးပွဲ ရှိခဲ့ပါတယ်။ အဲဒီမတိုင်ခင်၊ မြန်မာနိုင်ငံရဲ့ ကာလရှည်ကြာနေတဲ့ အကျပ်အတည်းပေါင်းစုံကို အာဆီယံက ပိုအာရုံစိုက်ဖို့ တောင်းဆိုသံတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒီတောင်းဆိုမှုတွေထဲမှာ သွယ်ဝိုက်ပြီး ပြောချင်တဲ့ အဓိပ္ပာယ်တခု ပါနေပါတယ်။ မြန်မာစစ်ခေါင်းဆောင်တွေထဲမှာ သဘောထားအသင့်အတင့်ရှိတဲ့ အုပ်စုတစု ရှိတယ်၊ နိုင်ငံတကာအသိုက်အဝန်းက ဒီအုပ်စုနဲ့ ပူးပေါင်းဆောင်ရွက်လို့ ရနိုင်တယ် ဆိုတဲ့ သဘောပါ။ ဝမ်းနည်းစရာကတော့ အဲဒီယုံကြည်ချက်ဟာ မှားယွင်းနေပါတယ်။
၁၉၈၈ မှာ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ ဆိုရှယ်လစ်အစိုးရ ပြိုလဲသွားတဲ့အချိန်ကစပြီး သတင်းမီဒီယာတွေနဲ့ ပညာရပ်ဆိုင်ရာ စာပေတွေအရ တပ်မတော်ထဲမှာ သဘောထား ပျော့ပျောင်းသူတွေ ရှိတယ်လို့ ရည်ညွှန်းကြပါတယ်။ သူတို့ကို “သဘောထားပျော့သူများ” (soft-liners) လို့ ခေါ်ကြတယ်။ ဒီလူတွေသာ အခွင့်အရေးရရင် အစိုးရအဆက်ဆက်ကို လွှမ်းမိုးခဲ့တဲ့ “သဘောထားတင်းမာသူတွေ” ကို ဖြုတ်ချနိုင်မယ်၊ အနည်းဆုံးတော့ အဲဒီလူတွေအပေါ် သဘောထားတွေ လျှော့ချလာအောင် ဩဇာလွှမ်းမိုးနိုင်မယ်လို့ ဆိုခဲ့ကြတယ်။
ဥပမာပြောရရင် ၁၉၈၈ မှာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (နဝတ) ကို ဖွဲ့စည်းခဲ့တယ်။ အဲဒီနောက် လွတ်လပ်စွာပြောဆိုခွင့်၊ အသင်းအဖွဲ့ ဖွဲ့စည်းခွင့်တွေအပေါ် ကန့်သတ်တာတွေကို ဖြေလျှော့ပေးခဲ့တယ်။ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေလည်း လုပ်ခဲ့တယ်။ ဒီလုပ်ရပ်တွေကြောင့် (သဘောထားပျော့ပျောင်းသူတွေ ရှိတယ်ဆိုတဲ့) မျှော်လင့်ချက်တွေ ပိုကြီးလာခဲ့တယ်။ ဒါပေမဲ့ ၁၉၉၀ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီက အပြတ်အသတ် အနိုင်ရခဲ့ပေမဲ့ စစ်အုပ်စုက ဒီရလဒ်ကို အသိအမှတ်ပြုဖို့ ငြင်းဆန်ခဲ့ပါတယ်။ ဒါတောင် မျှော်လင့်ချက်တွေကတော့ ရှိနေခဲ့တာပါ။
ဒါ့အပြင်၊ နဝတ နောက် ၁၉၉၇ မှာ ပေါ်ပေါက်လာတဲ့ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) လက်ထက်တွေမှာ နိုင်ငံ့အကြီးဆုံး ထောက်လှမ်းရေးအဖွဲ့ရဲ့ အကြီးအကဲ ဗိုလ်ချုပ်ခင်ညွန့် ကိုတောင် နိုင်ငံတကာ ဝေဖန်သုံးသပ်သူတွေက သဘောထား ပျော့ပျောင်းသူတယောက်အဖြစ် မကြာခဏ သုံးသပ်ကြပါတယ်။ သူက မြန်မာနိုင်ငံရဲ့ များပြားလှတဲ့ ပြဿနာတွေကို အသိအမှတ်ပြုမယ့်ပုံ၊ မြန်မာနဲ့ ကမ္ဘာ ပိုပြီး ထိတွေ့ဆက်ဆံတာကိုလည်း ခွင့်ပြုခဲ့ပုံရလို့ပါပဲ။
၂၀၁၁ မှာ “စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ” ဆိုတာကို စတင်ခဲ့တယ်။ ဒါကလည်း မျှော်လင့်ချက်တွေကို ပြန်လည်အားကောင်းစေခဲ့တယ်။ တပ်မတော်ထဲက သဘောထားပျော့သူတွေက ပြုပြင်ပြောင်းလဲမှု အမျိုးမျိုးကို လုပ်ဆောင်လာလိမ့်မယ်လို့ မျှော်လင့်ခဲ့ကြတာမျိုးပေါ့။ အချိန်အတိုင်းအတာ တခုအထိ သူတို့ မျှော်လင့်သလို ဖြစ်နေခဲ့ပုံပါပဲ။ ကျွမ်းကျင်သူတယောက်က အဲဒီအချိန်တုန်းက ပေါ်ထွက်လာတဲ့ လွှတ်တော်သစ်အကြောင်းကို အခုလို သုံးသပ်ခဲ့ပါတယ်။ သူက “သဘောထားပျော့သူတွေနဲ့ တင်းမာသူတွေကြားမှာ အင်အားချိန်ခွင်လျှာ မျှတနေတယ်၊ ဒါပေမဲ့ ဒါက အန္တရာယ်ကြီးတယ်၊ ဘယ်အချိန်မှာ ဘာဖြစ်သွားမယ်ဆိုတာ မသိနိုင်ဘူး” လို့ ပြောခဲ့ပါတယ်။ အဲဒီအုပ်စုနှစ်ခုစလုံးကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ထိန်းချုပ်ထားတယ်လို့ ဆိုပါတယ်။
၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း သုံးသပ်သူတချို့က စစ်အုပ်စုထဲက သဘောထားပျော့သူတွေကို ရှာခဲ့ကြပြန်ပါတယ်။ ဒီလူတွေက စစ်တပ်ကို စစ်တန်းလျားဆီ ပြန်ခေါ်သွားနိုင်မလားလို့ မျှော်လင့်ခဲ့ကြတာပါ။ “နိုင်ငံရေးအကျပ်အတည်းကို အဆုံးသတ်ဖို့ သဘောထား ပျော့ပျောင်းသူတွေက အဓိကသော့ချက်လား” ဆိုပြီး မေးခွန်းတွေတောင် ထုတ်ခဲ့ကြတယ်။ ဒါပေမဲ့ ဘာသက်သေမှ မရှိခဲ့ပါဘူး။ ဒီလိုအုပ်စုတခု ရှိတယ်ဆိုတဲ့ အထောက်အထား မရှိခဲ့ဘူး။ တကယ်လို့ ရှိခဲ့ရင်တောင် သူတို့မှာ တကယ့် အပြောင်းအလဲတခု လုပ်နိုင်မယ့် အနေအထား ရှိတယ်ဆိုတဲ့ သက်သေလည်း မရှိခဲ့ပါဘူး။
စစ်အုပ်စုရဲ့ အတွင်းပိုင်း အခြေအနေတွေကို ဘယ်သူမှ ရှင်းရှင်းလင်းလင်း မသိပါဘူး။ ဒါပေမဲ့ နှစ်တွေ ကြာလာတာနဲ့အမျှ လက္ခဏာတချို့တော့ တွေ့ခဲ့ရတယ်။ ဒါက စစ်ဘက် အကြီးအကဲတွေကြားမှာ အမြင်အမျိုးမျိုး ရှိနေတယ် ဆိုတာကို ပြသနေပါတယ်။ အရာရှိကြီးတိုင်းက နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုကို ဆန့်ကျင်ကြတာ မဟုတ်ပါဘူး။ တချို့က အစိုးရအဖွဲ့ထဲမှာ ပြည်သူလူထု ပါဝင်မှုကို ပိုပြီးလိုလားတဲ့ အရိပ်အမြွက်တွေ ပြောခဲ့ကြဖူးတယ်။ ဒါကို တိတ်တဆိတ်ရော၊ လူသိရှင်ကြား ပြောတာမျိုးပါ ရှိခဲ့ပါတယ်။
ဒါ့အပြင် ၂၀၂၁ ခုနှစ် မတိုင်ခင်အထိတော့ တပ်မတော်ရဲ့ အမြင့်ဆုံးခေါင်းဆောင်တွေက နိုင်ငံအပေါ် သူတို့ရဲ့ ချုပ်ကိုင်မှုကို ဖြည်းဖြည်းချင်း ဖြေလျှော့ပေးဖို့ စဉ်းစားခဲ့ပုံရတယ်။ အစိုးရရော၊ ပြည်သူတွေပါ လွတ်လပ်ခွင့်တွေ ပိုရလာဖို့ သူတို့ စဉ်းစားခဲ့တယ်။ ဘာပဲပြောပြော၊ ၂၀၀၈ ခုနှစ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ကို မိတ်ဆက်ခဲ့တာက SPDC (နအဖ) ပါပဲ။ အဲဒီဖွဲ့စည်းပုံကပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်သူလူထု ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို ၂၀၁၆ ကနေ ၂၀၂၀ ကြား စစ်တပ်နဲ့အတူ မျှဝေအုပ်ချုပ်ခွင့် ပေးခဲ့တာပါ။
အဲဒီလိုတွေ ရှိနေပေမဲ့လည်း တပ်မတော်ထဲက “သဘောထားပျော့ပျောင်းသူ” နဲ့ “တင်းမာသူ” ဆိုပြီး ခွဲခြားတာကို သိပ်ပြီး အလေးအနက်မထားသင့်ပါဘူး။ မော်တင် ပီဒါဆန်က ဒီအကြောင်းကို ရေးခဲ့ဖူးပါတယ်။ “တကယ်လက်တွေ့မှာတော့ အမြင်သဘောထားတွေ ပျံ့နှံ့နေပုံက ရှုပ်ထွေးပါတယ်။ ပြီးတော့ ကိစ္စတခုနဲ့ တခုအပေါ်မှာလည်း အမြင်တွေက တသမတ်တည်း မရှိပါဘူး” လို့ သူက ဆိုပါတယ်။
ပိုပြီး အဓိကကျတဲ့အချက်ကို ပြောရရင် ဗိုလ်ချုပ်တွေဟာ တခါတရံ သူတို့အချင်းချင်း အငြင်းပွားကြတာ ရှိပါတယ်။ ဒါပေမဲ့ အခြေခံမူဝါဒ ကိစ္စတွေမှာတော့ သူတို့ကြား သဘောထား ကွဲလွဲမှု လုံးဝမရှိခဲ့ပါဘူး။ ဥပမာ တပ်မတော်က နိုင်ငံရဲ့ အဓိကအခန်းကဏ္ဍမှာ ရှိနေရမယ် ဆိုတာမျိုး၊ တပ်မတော်က နိုင်ငံရဲ့ စည်းလုံးမှု၊ တည်ငြိမ်မှုနဲ့ အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်သူ ဖြစ်ရမယ် ဆိုတာမျိုးပါ။ (ဒါက တပ်မတော်ခေါင်းဆောင်တွေက မြင်တဲ့အတိုင်းပေါ့။) တကယ်လည်း ဒီ “အမျိုးသားရေး တာဝန်ကြီးသုံးရပ်” ကို စစ်အုပ်စုက မကြာသေးခင်က ထပ်ပြီး အတည်ပြုခဲ့ပါသေးတယ်။
အနည်းဆုံးတော့ အဲဒီရှုထောင့်က ကြည့်ရင် မြန်မာ့စစ်ခေါင်းဆောင်တွေဟာ အမြဲတမ်း သဘောထား တင်းမာသူတွေချည်းပါပဲ။
ဗိုလ်ချုပ်ခင်ညွန့်ကို ပြန်ကြည့်ပါ။ လေ့လာသူအများစုက သူ့ကို မြန်မာနိုင်ငံကို “ကယ်တင်”နိုင်မယ့် တဦးတည်းသော ဗိုလ်ချုပ်အဖြစ် ထင်ခဲ့ကြတယ်။ ဒါပေမဲ့ သူဟာ နှစ် ၂၀ ကျော်ကြာ ကြီးမားလှတဲ့ ထောက်လှမ်းရေးယန္တရားကြီးရဲ့ ရက်စက်ယုတ်မာတဲ့ အကြီးအကဲ ဖြစ်ခဲ့တာပါ။ အဲဒီ ယန္တရားကြီးကပဲ နိုင်ငံရဲ့ ပြည်သူလူထုကို ရက်ရက်စက်စက် ဖိနှိပ်ခဲ့တာပါ။
ဒါ့အပြင် ၂၀၁၁ က “စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ” ကို စတင်တာ၊ ၂၀၁၅ မှာ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ နိုင်တာ၊ ဒီအဖြစ်အပျက်တွေကို သဘောထားပျော့သူတွေရဲ့ အောင်ပွဲတွေအဖြစ် သတ်မှတ်ကြတယ်။ ဒါပေမဲ့ ဒီအဖြစ်အပျက်တွေ ဖြစ်ပေါ်လာခဲ့တာဟာ တပ်မတော်ရဲ့ အကျိုးစီးပွားအတွက်ကြောင့် ဆိုတာကို ကျနော်တို့ သတိရဖို့ လိုပါတယ်။ ဗိုလ်ချုပ်ကြီးတွေက မြန်မာနိုင်ငံကို သူတို့ ကောင်းကောင်းထိန်းချုပ်နိုင်ပြီလို့ ခံစားရလို့ ဒါတွေကို ခွင့်ပြုခဲ့တာပါ။ ဒီလိုလုပ်တာက နိုင်ငံအတွက်ရော၊ တပ်မတော်အတွက်ပါ အကျိုးကျေးဇူးတချို့ ရနိုင်တယ်လို့ သူတို့ ရှုမြင်ခဲ့ကြလို့ပါပဲ။
သတင်းသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေက တပ်မတော်ကို တသားတည်း၊ တသဘောတည်း ဖြစ်နေတဲ့ အစုအဖွဲ့ကြီးတခုအဖြစ် ပုံဖော်ကြပါတယ်။ တကယ်တော့ ဒီလိုမဟုတ်ပါဘူး။ စစ်ခေါင်းဆောင်တွေဟာ ကိစ္စတိုင်းအပေါ် သဘောတူ၊ သဘောမျှကြတာ မဟုတ်ဘူး။ တခြား အဖွဲ့အစည်းကြီးတွေလို၊ စစ်တပ်ထဲမှာလည်း အကြောင်းအရာပေါင်းစုံအပေါ် မတူညီတဲ့ အမြင်တွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်တွေအားလုံးမှာ တူညီတဲ့ အဓိက ယုံကြည်ချက်တွေတော့ ရှိနေပါတယ်။ အထူးသဖြင့် တပ်မတော်က နိုင်ငံရဲ့ အရေးအရာတွေကို ထိထိရောက်ရောက် ဆက်လက်ထိန်းချုပ်ထားဖို့ လိုအပ်တယ်ဆိုတဲ့ ယုံကြည်ချက်ပါပဲ။
ဒါ့အပြင် အခု အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ အရာရှိတွေကို ကြည့်ပါ။ သူတို့ ဒီရာထူးတွေ ရထားတာ တခြားကြောင့် မဟုတ်ပါဘူး။ အဓိကအကြောင်းရင်းကတော့ သူတို့ရဲ့ သစ္စာစောင့်သိမှုနဲ့ မင်းအောင်လှိုင်ရဲ့ သဘောထားတင်းမာတဲ့ ရပ်တည်ချက်ကို လက်ခံမှုတို့ကြောင့်ပါပဲ။
ဒီအချက်တွေကို ထည့်စဉ်းစားလိုက်ရင် နိုင်ငံခြားအစိုးရတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ တခြားသူတွေက မြန်မာနိုင်ငံမှာ “တွေ့ဆုံဆွေးနွေးရေး”၊ “အပေးအယူလုပ်ရေး” နဲ့ “အာဏာခွဲဝေရေး” တွေလုပ်ဖို့ တောင်းဆိုနေတာတွေဟာ “ဖြစ်ချင်စိတ်သက်သက်၊ စိတ်ကူးယဉ်မှုသက်သက်” ပဲလို့ ပြောရမှာ ဖြစ်ပါတယ်။
အင်ဒရူး ဆက်သ်


