Home
ဆောင်းပါး
အီဒီအာမင်နဲ့ အနှိုင်းခံရတဲ့ ဒေါ်နယ်ထရမ့်ပ်
DVB
·
November 7, 2025

အခုတလော အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကို ကမ္ဘာ့မီဒီယာတွေ စိတ်ဝင်စားနေကြသလို အမေရိကန်ပြည်သူတွေကလည်း ထရမ့်ပ်ကို “အာဏာရှင်အလိုမရှိ” ဆိုပြီး လူသန်းနဲ့ချီပြီးကို လမ်းပေါ်ထွက် ဆန္ဒပြကြပါတယ်။

အာဏာရှင်ဖြစ်ဖို့ ကြိုးစားနေဟန်တူတဲ့ “ဒေါ်နယ်ထရမ့်ပ်” ကို နာမည်ကျော်ကြားသူတွေထဲက တဦးချင်းအရ ထိရောက်ပြင်းထန်တဲ့ ကန့်ကွက်မှု မရှိသေးဘူးဆိုပြီး ကျနော့်မှာ အားမလိုအားမရ ဖြစ်နေတုန်း အမေရိကန်မှာ အမြဲတမ်းခိုလှုံနေထိုင်ခွင့်ရထားတဲ့ နိုင်ဂျီးရီးယား စာပေနိုဘယ်လ်ဆုရှင် “ဝိုးလ်ဆိုရင်ကာ” က ထရမ့်ပ်ဟာ “အီဒီအာမင်ပဲ” လို့ ပြောလိုက်တာကို သတိရသွားပါတယ်။ ပြောတာကတော့ ဒေါ်နယ်ထရမ့်ပ် ပထမသမ္မတသက်တမ်း ကုန်ခါနီးကတည်းက ပြောလိုက်တာပါ။

သူပြောတဲ့ “အီဒီအာမင်” ဆိုတာက အားလုံးသိကြတဲ့အတိုင်း ယူဂန်ဒါသမ္မတဟောင်း အာဏာရှင်တဦးပါ။ “ဒေါ်နယ်ထရမ့်ပ်” နာမည်စကြီးလာတဲ့အချိန်မှာ ပြောတာပါ။ ဒေါ်နယ်ထရမ့်ပ် သမ္မတ ဖြစ်နေတဲ့အချိန် “အီဒီအာမင်လက်သစ်ခေတ်” ကို ရောက်နေပြီဆိုပြီး ပြောလိုက်တာပါ။ သူပြောတဲ့စကားက ဒေါ်နယ်ထရမ့်ပ်ကို အပြင်းအထန် ထိမှန်သလိုဖြစ်တော့ ဒေါ်နယ်ထရမ့်ပ် ခမျာ ငယ်ထိပ်မြွေပေါက်သလို ဖြစ်တော့တာပေါ့။ ဒေါသအကြီးအကျယ်ထွက်ပြီး ထရမ့်ပ်က “ဝိုးလ် ဆိုရင်ကာ” ရထားတဲ့ အမေရိကန်နိုင်ငံမှာ အမြဲတန်းမှီခိုနေထိုင်ခွင့် Green card ကို ရုပ်သိမ်းလိုက်ပါတယ်။ ဒါပေမဲ့ ဝိုးလ်ဆိုရင်ကာ ကလည်း  တကယ်လို့ ဒေါ်နယ်ထရမ့်ပ်သာ နောက်ထပ်တကြိမ် သမ္မတအရွေးအချယ်ခံရလို့ သမ္မတဖြစ်လာရင် သူ ရထားတဲ့ Green card ကို ဆုတ်ဖြဲပစ်မယ်ဆိုတဲ့ စကားအတိုင်း တကယ်လည်း ဆုတ်ဖြဲပစ်လိုက်တာပါပဲ။ ပြီးတော့ နိုက်ဂျီးရီးယားမှာ အာဏာရှင် ဗိုလ်ချုပ်ကြီး ဆန်နီအဘာချာတယောက် မူးယစ်ဆေး အဆမတန်သုံးရင်း ရုတ်တရက် သေဆုံးသွားလို့၊ နိုင်ဂျီးရီးယားမှာ နိုင်ငံရေးအခြေအနေတွေ ပြောင်းပြီဖြစ်လို့ ဝိုးလ်ဆိုရင်ကာလည်း သူ့တိုင်းပြည် ပြန်လာနေလို့ ရနေပြီလေ။

ဝိုးလ်ဆိုရင်ကာဟာ ၁၉၈၆ ခုနှစ်မှာ အာဖရိကတိုက်ကြီးရဲ့ ပထမဆုံးသော စာပေနိုဘယ်လ်ဆုရှင်ပါ။

တဆက်တစပ်တည်းပြောရရင် ကျနော်က အဲဒီ နိုင်ဂျီးရီးယား စာရေးဆရာ ကဗျာဆရာ ဝိုးလ် ဆိုရင်ကာကို ဟိုအရင် နိုင်ဂျီးရီးယား စာရေးဆရာ သဘာဝပတ်ဝန်းကျင် ပြုပြင်ထိန်းသိမ်းရေးသမား “ကင်ဆာရိုဝီဝါ အရေးအခင်း” ကတည်းက သိနေ၊ စိတ်ဝင်စားနေခဲ့တာပါ။

၁၉၉၅ ခုနှစ်တုန်းကပါ။ နိုင်ဂျီးရီးယားမှာ အာဏာသိမ်းစစ်ဗိုလ်ချုပ် ဆန်နီအဘာချာ ဓားထက်တဲ့ အချိန်တုန်းကပါ။ စာရေးဆရာ ကင်ဆာရိုဝီဝါက နိုင်ဂျီးရီးယားမှာ ဗိုလ်ချုပ်ကြီး ဆန်နီအဘာချာ အစိုးရရဲ့ စည်းမရှိကမ်းမရှိ လွန်လွန်ကဲကဲ ရေနံတူးဖော်မှုတွေကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီး၊ ဌာနေလူမျိုးစုတွေ အိုးမဲ့အိမ်မဲ့ဖြစ်ရတာကို ကန့်ကွက်တဲ့အတွက် ဖမ်းဆီးခံရပြီး မတရားကြိုးမိန့်ချ သတ်ဖြတ်ခံလိုက်ရတဲ့ကိစ္စပါ။ ဒီတုန်းက ယဉ်ကျေးတဲ့ ကမ္ဘာ့အသိုက်အဝန်းက ဝိုင်းဝန်းတားမြစ်နေတဲ့ကြားက ဗိုလ်ချုပ်ကြီး ဆန်နီ အဘာချာက “ကင်ဆာရို ဝီဝါ” ကို လက်ရဲဇက်ရဲ ကြိုးပေးသတ်ပစ်လိုက်တာပါ။

ဒီလို မတရားသဖြင့် ကြိုးပေးသတ်ဖြတ်မှုကို စာပေနိုဘယ်လ်ဆုရှင် ဝိုးလ်ဆိုရင်ကာက အပြင်းအထန် ကန့်ကွက်ခဲ့ပါတယ်။ ဒီတော့လည်း အာဏာရှင်တို့ ထုံးစံအတိုင်း ဗိုလ်ချုပ်ကြီး ဆန်နီ အဘာချာက သူ့ကိုဖမ်းဖို့ လုပ်တော့တာပေါ့။ ကံအားလျော်စွာ ဝိုးလ်ဆိုရင်ကာ အဖမ်းမခံရဘဲ လွတ်မြောက်အောင် ထွက်ပြေးနိုင်ခဲ့ပါတယ်။ အဲဒီကတည်းက အမေရိကန်မှာ ခိုလှုံနေထိုင်ခဲ့တာပါ။ ဗိုလ်ချုပ်ကြီး ဆန်နီ အဘာချာက သူ့ကို မျက်ကွယ်မှာ သေဒဏ်ချခဲ့ပါတယ်။

ဒီတုန်းက သတင်းထောက်တွေကို ပြောပြခဲ့တဲ့ စကားတခွန်းကြောင့်လည်း ဝိုးလ်ဆိုရင်ကာကို အဲဒီကတည်းက ကျနော် စိတ်ဝင်စားခဲ့တာလို့ ပြောရမှာပါ။ သူပြောတဲ့စကားက ကျနော်တို့နဲ့လည်း သက်ဆိုင်တာ ပါနေတယ်။ အာဏာရှင်ဗိုလ်ချုပ်ကြီး ဆန်နီအဘာချာရဲ့ စက်ကွင်းက လွတ်မြောက်အောင် ထွက်ပြေးလာနိုင်ခါစက သတင်းထောက်တွေကို ပြောလိုက်တဲ့စကားထဲမှာ “ဘာရမလဲဗျ၊ ကျနော့်ကို မြန်မာစစ်တပ်လုပ်သလို ဘယ်လုပ်လို့ရမှာလဲဗျ” ဆိုပြီး  ပြောလိုက်တဲ့ စကားပါ။ ဒီစကားကြောင့်လည်း သူ့ကို ကျနော် ပိုပြီးစိတ်ဝင်စားခဲ့ရတာပါ။

သူဟာ ၁၉၆၇ နိုင်ဂျီးရီးယားအစိုးရရဲ့ “ဘီယာဖရန်” ပြည်တွင်းစစ်ကိုလည်း ဆန့်ကျင်ခဲ့လို့ ၁၉၆၇ ကနေ ၁၉၆၉ အထိ ထောင် ၂ နှစ် ကျခံခဲ့ရပါသေးတယ်။ အမေရိကန်မှာ အမြဲတမ်းနေထိုင်ခွင့် ရုပ်သိမ်းခံရပေမဲ့ သူဟာ ပြင်သစ်နဲ့ အင်္ဂလန်တက္ကသိုလ်တွေမှာ ဧည့်ပါမောက္ခအဖြစ် စာသင်နေခဲ့ပါသေးတယ်။

စာပေနိုဘယ်လ်ဆုရှင် ဝိုးလ်ဆိုရင်ကာက ၁‌၉၃၄ ခု၊ ဇူလိုင် ၁၃ မှာ မွေးခဲ့သူ ဆိုတော့ ခုဆို အသက် ၉၀ ကျော်ပါပြီ။ မနှစ်ကပဲ နိုင်ဂျီးရီးယားမှာ သူ့မွေးနေ့ကို ခမ်းခမ်းနားနား ကျင်းပခဲ့ကြပါသေးတယ်။ 

ဝိုးလ်ဆိုရင်ကာ ဆိုတာ လေးစားဖို့ စိတ်ဝင်စားဖို့ကောင်းတဲ့ စာရေးဆရာ ကဗျာဆရာတယောက်ပါပဲ ခင်ဗျား။ ။

ငြိမ်းဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013