Home
မြန်မာသတင်း
လောင်းလုံးမြို့နယ်၊ ဆင်ထောင့်ကမ်းခြေ၌ ဝေလငါးမန်း ၃ ကောင် သောင်တင်သေဆုံး
DVB
·
November 19, 2025

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ဆင်ထောင့်ကမ်းခြေမှာ ဝေလငါးမန်း (ဒေသခေါ် ဝါဇီပျောက်) ၃ ကောင် သောင်တင် သေဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဝေလငါးမန်း ၃ ကောင် ဆင်ထောင့်ကမ်းခြေမှာ သေဆုံးနေတာကို နိုဝင်ဘာ ၁၆ ရက်မှာ တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သေဆုံးနေတဲ့ ဝေလငါးမန်း ၃ ကောင်ရဲ့ အရွယ်အစားဟာ တကောင်မှာ ၂၈ ပေရှိပြီး ကျန် ၂ ကောင်မှာ ၁၀ ပေကျော်အရွယ် ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးတဲ့ ဝေလငါးမန်း ၃ ကောင်မှာ အမတကောင်နဲ့ အရွယ်မရောက်သေးတဲ့ အထီး(သို့)အမ ၂ ကောင် ပါဝင်ပြီး မြန်မာမှာ ၃ ကောင်သေတာဟာ အခုမှကြားဖူးတာပါလို့ သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားတဲ့ Native Species Conservation and Identification in Myanmar အဖွဲ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဖော်ပြထားပါတယ်။

ဝေလငါးမန်း သေဆုံးတာနဲ့ ပတ်သက်ပြီး NSCI အဖွဲ့မှ ကိုဝင်းပိုင်ဦးက “သေဆုံးတဲ့အကြောင်းက မသိနိုင်ပါဘူးဗျ။ အကြောင်းအမျိုးမျိုးကြောင့် အရှင်လိုက်အတိုင်း သောင်တင်ပြီးမှ သေသွားခဲ့တာလည်း ဖြစ်နိုင်သလို သေပြီးမှ သောင်တင်တာလည်း ဖြစ်နိုင်ပါတယ်။ ပထမတချက်က ပိုဖြစ်နိုင်ပါတယ်။ အကြောင်းတစုံတရာကြောင့် အရှင်လိုက် သောင်တင်ခဲ့တာကို အချိန်မီ ရေထဲပြန်မချပေးနိုင်ခဲ့လို့ ဖြစ်နိုင်ပါတယ်” လို့ ပြောပါတယ်။

ကိုဝင်းပိုင်ဦးက “သူတို့ အသေကောင် သောင်တင်ရင် အနံ့ဆိုး တအားထုတ်တာမို့ ကမ်းနားတလျှောက် လေထုညစ်ညမ်းမှု ဖြစ်မှာကတော့ သေချာပါတယ်။ ဘတ်တီးရီးယားတွေလည်း ပေါက်ဖွားနိုင်ပါတယ်။ တခြားနိုင်ငံတွေကတော့ ကောင်းကောင်းမွန်မွန် မြေမြှုပ်ပြီး ကြာမှ အရိုးစုကို ပြန်ဖော်ပြီး ပြတိုက်မှာ လေ့လာကြပါတယ်။ ဒီမှာလည်း မြှုပ်နိုင်ရင်တော့ ကောင်းပါမယ်” လို့ DVB ကို ပြောပါတယ်။

ဝေလငါးမန်းတွေဟာ ပုံမှန်အားဖြင့် သက်တမ်း အနှစ် ၈၀ ကနေ ၁၃၀ လောက်ထိ နေနိုင်ကြပြီး မြန်မာနိုင်ငံမှာတော့ ကမ်းရိုးတန်းဒေသတလျှောက်လုံးနဲ့ ရေနက်ပိုင်းမှာ နေထိုင်ကြပြီး သဘာဝထိန်းသိမ်းစောင့်ရှောက်ရေး အပြည်ပြည်ဆိုင်ရာသမဂ္ဂက မျိုးသုဥ်းလုနီးပါး အန္တရာယ်ရှိတဲ့ မျိုးစိတ်အဆင့်အဖြစ် ၂၀၁၆ ခုနှစ်ကစပြီး သတ်မှတ်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013