Home
မြန်မာသတင်း
လောင်းလုံးတွင် စစ်တပ်က ဒေသခံ ၃ ဦးကို သတ်ဖြတ်ပြီး အဘွားအိုတဦးအား မုဒိမ်းကျင့်
DVB
·
June 28, 2025
Photo: Democracy Movement Strike Committee-Dawei

 

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ထဲမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဟာ ဒေသခံ ၃ ယောက်ကို သတ်ဖြတ်ပစ်ခဲ့ပြီး အသက် ၇၀ အရွယ် အဘွားအိုတယောက်ကိုလည်း အကြိမ်ကြိမ် မုဒိမ်းကျင့်ခဲ့တယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)က ထပ်ပြီး ထုတ်ပြန်လာပါတယ်။

ကညုံကျွန်းရွာမှာ ဇွန် ၁၄ ရက်ကနေ ၂၄ ရက်အထိ တပ်စွဲခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ရွာခံ အသက် ၄၇ နှစ်အရွယ် ဦးခင်မောင်ဝင်းကို ပစ်ခတ်သတ်ဖြတ်ပြီး အလောင်းကို စွန့်ပစ်ထားခဲ့တယ်လို့ ဆိုပါတယ်။

ဇွန် ၁၄ ရက်ကတည်းက ပစ်သတ်ခံရတာလို့ ယူဆရပြီး ရုပ်အလောင်းကိုတော့ ဇွန် ၂၇ ရက်ကမှ လယ်ကွက်ထဲမှာ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

ရုပ်အလောင်းကိုတွေ့ရှိရချိန် ဝမ်းဗိုက်မှာ သေနတ်ရာတချက်တွေ့ရပြီး ပုပ်ပွနေပြီဖြစ်တဲ့အပြင် မျက်နှာတခုလုံးလည်း အရိုးပဲကျန်တော့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် ကညုံကျွန်းရွာကနေတဆင့် လောင်းလုံးမြို့၊ ထိုမှတဆင့် ထားဝယ်မြို့ဘက်ကို ထွက်ခွာသွားတဲ့ အဆိုပါစစ်ကောင်စီတပ်ဟာ ဇွန် ၂၆ ရက်လောက်မှာတော့ လောင်းလုံးမြို့နဲ့ကပ်လျက် သဗျာရွာခံ အသက် ၅၅ နှစ်အရွယ် ဦးလှဝင်းကို ဥယျာဉ်ခြံထဲ အလုပ်လုပ်နေတုန်း ဖမ်းဆီးပြီး လည်လှီးသတ်ဖြတ်ခဲ့သလို အလောင်းကိုလည်း မနေ့က တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ဇွန် ၂၄ ရက်လောက်က ကညုံကျွန်းရွာကနေ တပ်ဆုတ်ပြန်လာတုန်း ဖမ်းဆီးခေါ်ဆောင်လာခဲ့တဲ့ အသက် ၄၆ နှစ်အရွယ် ကညုံကျွန်းရွာခံ စိတ်ကျန်းမာရေးမကောင်းတဲ့ ဦးမျိုးဇော်အောင်(ခ) ဦးမျိုးကြံအောင်ကို လည်လှီးသတ်ဖြတ်ခဲ့သေးပြီး စစ်ပြဲရွာနဲ့ လောင်းလုံးမြို့ကြား ဆီအုန်းတောထဲမှာ အလောင်းကို စွန့်ပစ်ခဲ့ပါသေးတယ်။

အဲဒီ စစ်ကြောင်းဟာ ကညုံကျွန်းရွာမှာ တပ်စွဲနေထိုင်တုန်း ကျန်းမာရေးမကောင်းလို့ ထွက်မပြေးဘဲကျန်နေတဲ့ အသက် ၇၀ အရွယ် ရွာခံ အဘွားအိုတယောက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တယောက်က ၂ ရက်အတွင်း ၅ ကြိမ် အဓမ္မပြုကျင့်ခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013