
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ပျူစောထီးခေါင်းဆောင်တယောက်ဟာ သြဂုတ် ၈ ရက်နေ့က လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဆီကို လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ သိရပါတယ်။
အလင်းဝင်ရောက်လာတဲ့ ပျူစောထီးကိုကောင်းကောင်းမွန်မွန်ကြိုဆိုပြီး ဆုငွေတွေ ပေးအပ်ခဲ့တယ်လို့ လောင်းလုံး ပကဖ က ဆိုပါတယ်။
လောင်းလုံး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က “A2 တလက်၊ လက်ပစ်ဗုံး ၃ လုံး၊ အီနာဂါတလုံး၊ ကျည် ၂၀၀၊ ကျည်ဘောက်အတို ၁ ခု၊ အရှည် ၁ ခု၊ စကားပြောစက်တလုံး ယူဆောင်လာပါတယ်။ ဆုကြေးငွေအနေနဲ့ ကျပ်ငွေသိန်း ၃၀ ကို ချီးမြှင့်ခဲ့တယ်” လို့ ပြောပါတယ်။
ဇွန် ၂၉ ရက်နေ့ကလည်း လောင်းလုံးမြို့နယ်၊ ကညုံကျွန်းကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ပြည်သူပိုင်ပစ္စည်းတွေခိုးယူခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းကို လောင်းလုံး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ပူးပေါင်းညီနောင်မဟာမိတ် တော်လှန်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။


