
စစ်ကောင်စီဩဇာခံ အုတ်တွင်းမြို့ ရွေးကောက်ပွဲကော်မရှင် ရုံးအကူနဲ့ ဆိုင်ကယ်တိုက်လုနီးပါးဖြစ်ပြီး လက်သီးနဲ့ ထိုးခဲ့သူကို ရွေးကောက်ပွဲနှောင့်ယှက်တဲ့ဥပဒေနဲ့ တရားစွဲထားတယ်လို့ စစ်ကောင်စီ ဝါဒဖြန့် ပြန်ကြားရေးသတင်းမှာ နိုဝင်ဘာ ၁၈ ရက်ညက ဖော်ပြပါတယ်။
ပဲခူးတိုင်း၊ အုတ်တွင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက အသက် ၂၄ နှစ်အရွယ် ရုံးအကူ ကိုဘိုဘိုထွန်း ဟာ နိုဝင်ဘာ ၁၃ ရက် ည ၁၁ နာရီလောက်က ဈေးရပ်ကွက်မှာရှိတဲ့ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးကနေ အိမ်ကို ဆိုင်ကယ်နဲ့ပြန်လာတုန်း မီးပွိုင့်လမ်းဆုံအရောက်မှာ ဈေးရပ်ကွက်နေ အသက် ၄၉ နှစ်အရွယ် ဦးထွန်းမင်းလတ် မောင်းနှင်လာတဲ့ ဆိုင်ကယ်နဲ့ တိုက်မိမယ့်အခြေအနေဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒါကို ဦးထွန်းမင်းလတ်က လက်သီးနဲ့ထိုးခဲ့တာကြောင့် ကိုဘိုဘိုထွန်းမှာ နာကျင်ဒဏ်ရာတွေရခဲ့လို့ တာဝန်ဝတ္တရားတွေ မထမ်းဆောင်နိုင်အောင် နာကျင်အောင် ပြုလုပ်ခဲ့သူ ဦးထွန်းမင်းလတ်ကို နိုဝင်ဘာ ၁၅ ရက်က အုတ်တွင်းမြို့မရဲစခန်းမှာ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွေကို နှောင့်ယှက်ဟန့်တားဖျက်ဆီးတာကနေ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄(က)နဲ့ အမှုဖွင့်ခဲ့တယ်လို့ ဆိုပါတယ်။
နိုဝင်ဘာ ၁၂ ရက် ညနေပိုင်းကလည်း ရန်ကုန်၊ အလုံမြို့နယ်၊ စောရန်ပိုင်အရှေ့ရပ်ကွက်နေ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) က လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးနန္ဒမျိုးအောင်ဟာ သူ့အိမ်မှာ ရှိနေတုန်း အိမ်ရှေ့သစ်တောလမ်းပေါ်ကနေ အမျိုးသားတယောက်က ‘PPP ကို မဲမပေးပါနဲ့’ လို့ အော်ပြောခဲ့တာကြောင့် ဘယ်သူမှန်းမသိရသေးတဲ့ အဲဒီလူကိုလည်း အမှုဖွင့်ထားတယ်လို့ ပြန်ကြားရေးသတင်းမှာ ဖော်ပြပါတယ်။
စစ်ကောင်စီဟာ သူတို့လုပ်ဖို့စီစဉ်နေတဲ့ ရွေးကောက်ပွဲကို နှောင့်ယှက်တယ်ဆိုပြီး လူပေါင်း ၁၀၀ ဝန်းကျင်ကို အမှုဖွင့်ထားသလို ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့နယ်၊ တံတားမြို့၊ မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်၊ ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်နဲ့ မန္တလေးတိုင်း၊ ပြည်ကြီးတံခွန် မြို့နယ်တို့မှာ မဲဆွယ်စည်းရုံးရေး ဆိုင်းဘုတ်တွေ ဖျက်ဆီးခံထားရတာကြောင့်လည်း အမှုတွေဖွင့်ထားတယ်လို့ သိရပါတယ်။


