
ဒီကာလအတွင်း မြန်မာ့လူဦးရေရဲ့ ၅ ပုံ ၁ ပုံဟာ စားနပ်ရိက္ခာမဖူလုံမှုနဲ့ ပြင်းပြင်းထန်ထန် ကြုံတွေ့နေရပြီး ကလေးငယ် ၄ သိန်းကျော်နဲ့ ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်တွေဟာ ပြင်းထန်တဲ့ အာဟာရချို့တဲ့မှုကို ရင်ဆိုင်ရဖွယ်ရှိတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က အစီရင်ခံပါတယ်။
နိုဝင်ဘာ ၁၆ ရက်က ထုတ်ပြန်တဲ့ မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာမှုဆိုင်ရာ နောက်ဆုံး အခြေအနေ အစီရင်ခံစာမှာ ဖော်ပြထားတာဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာဖူလုံရေး နောက်ဆုံး အစီရင်ခံစာမှာလည်း မြန်မာနိုင်ငံဟာ အလွန်စိုးရိမ်ဖွယ်ကောင်းတဲ့ အငတ်ဘေးရှိတဲ့ နေရာအဖြစ် သတ်မှတ်ထားဆဲပဲ လို့ ဆိုပါတယ်။
ကုလသမဂ္ဂစားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ (FAO)၊ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) တို့ရဲ့ နိုဝင်ဘာ ၁၁ ရက်နေ့မှာထုတ်ပြန်တဲ့ အငတ်ဘေးအခြေအနေရှိတဲ့နေရာတွေဆိုင်ရာ နောက်ဆုံးအစီရင်ခံစာမှာ မြန်မာနိုင်ငံကို အလွန်အမင်း စိုးရိမ်ရတဲ့ အငတ်ဘေးအခြေအနေရှိတဲ့ နေရာ ၆ ခုထဲက တခုအဖြစ် သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။
တော်လှန်ရေးတိုက်ပွဲတွေ၊ စီးပွားရေး ကျပ်တည်းလာတာနဲ့ ငလျင်ဘေးတို့ကြောင့် မြန်မာနိုင်ငံမှာ စားနပ်ရိက္ခာ မဖူလုံတာဟာ ဆိုးရွားနေဦးမယ်လို့ ကုလသမဂ္ဂအေဂျင်စီတွေက ခန့်မှန်းထားပါတယ်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလနဲ့ အောက်တိုဘာလကြားမှာ ခန့်မှန်းခြေ လူဦးရေ ၁၁ ဒသမ ၈ သန်း (နိုင်ငံလူဦးရေရဲ့ ၂၂ ရာခိုင်နှုန်း) ဟာ ပြင်းထန်တဲ့ စားနပ်ရိက္ခာမဖူလုံတာကို ပြင်းပြင်းထန်ထန်ရင်ဆိုင်ခဲ့ကြရပြီး ဒီထဲမှာ အရေးပေါ်အဆင့်လိုအပ်သူ ၁ သန်းပါတယ်လို့ အစီရင်ခံထားပါတယ်။
ရန်ပုံငွေ လိုအပ်တာတွေရှိနေတာနဲ့ အထူးသဖြင့် ပဋိပက္ခဒဏ်သင့်ဒေသတွေမှာ သွားလာရေး အင်မတန်ခက်ခဲနေတာတွေက အခြေအနေကို ပိုဆိုးရွားစေနိုင်ပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းမှာတော့ အာဟာရအခြေအနေဟာ အထူးစိုးရိမ်စရာဖြစ်တယ်လို့ ဆိုပါတယ်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလနဲ့ ၂၀၂၆ ခုနှစ်၊ မေလကြား မောင်တောမြို့နယ်မှာ အရေးပေါ်အဆင့် ၄ နဲ့ ဘူးသီးတောင်မြို့နယ်မှာ ဘေးအန္တရာယ်အဆင့် ၅ အထိ ဆိုးရွားသွားမယ်လို့ ခန့်မှန်းထားပါတယ်။
ပြီးတော့ ၂၀၂၅ ခုနှစ်၊ ဇွန်လနဲ့ ၂၀၂၆ ခုနှစ်၊ မေလကြားမှာ အသက် ၅ နှစ်အောက် ကလေးသူငယ် ၄၁၀,၀၀၀ နဲ့ ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်တွေဟာ ပြင်းထန်တဲ့ အာဟာရချို့တဲ့မှုကို ရင်ဆိုင်ရနိုင်တယ်လို့လည်း ဆိုပါတယ်။
၂၀၂၅ ခုနှစ်၊ ပထမနှစ်ဝက်အတွင်း မြေမြှုပ်မိုင်းနဲ့ တခြား ပေါက်ကွဲစေတတ်တဲ့ လက်နက်ပစ္စည်းတွေနဲ့ပတ်သက်တဲ့ ဖြစ်စဉ်တွေကို စောင့်ကြည့်လေ့လာရာမှာလည်း မြန်မာနိုင်ငံမှာ တရက်ကို ၂ ယောက်နှုန်း ထိခိုက်နေပြီး နိုင်ငံတဝန်းမှာ အရပ်သားထိခိုက်မှု ၃၅၇ ယောက်ကို မှတ်တမ်းတင်ထားနိုင်တယ်လို့ ဆိုပါတယ်။
ရှမ်းပြည်နယ်မှာ ဖြစ်စဉ် ၆၈ ကြိမ်၊ ထိခိုက်မှု ၁၀၃ ယောက်ရှိတာကြောင့် အများဆုံးဖြစ်တယ်လို့လည်း ဖော်ပြပါတယ်။
ဒါ့အပြင် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအထိ ခန့်မှန်းခြေ လူဦးရေ ၃ ဒသမ ၆ သန်းဟာ နေရာရွှေပြောင်းနေရပြီး ဒီထဲက ၁ ဒသမ ၇ သန်းဟာ အထိခိုက်အခံရဆုံးဒေသတွေဖြစ်တဲ့ အနောက်မြောက်ပိုင်း၊ ရခိုင်နဲ့ အရှေ့တောင်ပိုင်းတို့မှာရှိနေတာလို့လည်း ဆိုပါတယ်။
၂၀၂၅ ပထမနှစ်ဝက်မှာ မြန်မာနိုင်ငံဟာ ပဋိပက္ခပြင်းထန်မှုအတွက် ကမ္ဘာပေါ်မှာ ဒုတိယအဆင့်ရှိနေပြီး အရပ်သားတွေအတွက် စတုတ္ထအန္တရာယ်အရှိဆုံးနိုင်ငံဖြစ်တယ်လို့လည်း UNOCHA က အစီရင်ခံပါတယ်။


