
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့အနောက်ဖက်ခြမ်းက စစ်ဘေးရှောင် ၂,၀၀၀ လောက်အတွက် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ရှောင်စခန်းတာဝန်ခံတွေဆီက သိရပါတယ်။
အဲဒီက စစ်ရှောင်စခန်းတွေမှာ အိမ်ထောင်စု ၄၇၇ စု၊ လူဦးရေ ၁,၇၉၈ ယောက်ဝန်းကျင်ရှိပြီး စစ်ရှောင်ကာလ ၄ နှစ်ကျော်လာပြီဖြစ်သလို လမ်းပန်းဆက်သွယ်ရေးအခက်အခဲနဲ့ တောင်ယာ မလုပ်ကိုင်နိုင်တာတို့ကြောင့် ရိက္ခာပြတ်လပ်တော့မယ့်အနေအထား လို့ ဆိုပါတယ်။
စစ်ရှောင်တွေကိုကူညီပေးနေတဲ့ Nway Oo Yaung Chi Foundation က ကိုဂျူလိုင်က “ပြီးခဲ့တဲ့တောက်လျှောက် ၄ လ ၅ လမှာ အရှေ့ဘက်ကမ်းက စစ်ရှောင်တွေ အနောက်ဘက်ကို ရှောင်လာတော့ သူတို့ကိုဦးစားပေး ကူညီပေးသွားတော့ မိုးဗြဲဖက်ကနေရှောင်လာတဲ့ ၄ နှစ်ကျော် စစ်ဘေးရှောင်တွေကို ပစ်ထားသလိုဖြစ်သွားတယ်။ မကူညီရဘူး။ သူတို့ကလည်း နေ့တိုင်း လာပူဆာတယ်။ ခုတော့သူတို့အတွက်က ဆန်ပြတ်လပ်မှုများစွာရင်ဆိုင်နေရတယ်” လို့ပြောပါတယ်။
အဲဒီစစ်ရှောင်တွေဟာဖယ်ခုံအနောက်ဘက်ခြမ်းက စစ်ရှောင်စခန်း ၅ ခုမှာ နေထိုင်ကြပြီး ကလေး၊ အမျိုးသမီးနဲ့ သက်ကြီးရွယ်အို အများစု ပါဝင်တယ်လို့ ဆိုပါတယ်။
စစ်ရှောင်တယောက်က “ဒီဘက်ရွာခံတွေကတော့ သူတို့လယ်ယာမှာ ရောက်လာတဲ့ စစ်ဘေးရှောင်တွေကို ပေးစိုက်ကြပေမယ့် လေကြောင်းအန္တရာယ်၊ မြေမြှုပ်မိုင်းအန္တရာယ်ကြောင့် နည်းနည်းပဲစိုက်ကြရတယ်။ လူဦးရေက များနေတော့ အစားအသောက်က မလောက်တော့ဘူး။ ပိုက်ဆံရှိရင်တောင် ဝယ်လို့မရဘူး။ တကယ်လိုအပ်နေလို့ အလှူရှင်များ လာရောက်ကူညီပေးကြပါ” လို့ပြောပါတယ်။
ဖယ်ခုံအင်းအရှေ့ဘက်ခြမ်းကို ၂၀၂၅ ခုနှစ်၊ ဇွန်လအစောပိုင်းကစပြီး စစ်တပ်နဲ့ PNO ပြည်သူ့စစ်တို့က စစ်ကြောင်းထိုး တိုက်ခိုက်လာတာကြောင့် ဒေသခံ ၁ သောင်းကျော် စစ်ဘေးတိမ်းရှောင်ခဲ့ကြရပြီး ဖယ်ခုံအင်းအနောက်ဘက်ခြမ်းမှာ စစ်ရှောင်ဦးရေ များလာတာဖြစ်ပါတယ်။




