Home
မြန်မာသတင်း
စစ်ကား ၅၀ ကျော် ဖရူဆိုသို့ရောက်၊ ဖယ်ခုံတွင် စစ်ကြောင်းထိုးသဖြင့် စစ်ရှောင်များ ထပ်ရှောင်နေရ
DVB
·
September 20, 2025

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်ထဲက စစ်ကောင်စီတပ်ရဲ့ အမှတ် ၁၄ လေ့ကျင့်ရေးသင်တန်းကျောင်းထဲကို စစ်ကား အစီး ၅၀ ကျော် ရောက်နေပြီး ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာလည်း စစ်တပ်နဲ့ PNO ပြည်သူ့စစ်တွေစစ်ကြောင်းထိုးလာလို့ စစ်ရှောင်ပြည်သူတွေ ထပ်ပြီး တိမ်းရှောင်နေကြရပါတယ်။

စစ်ကောင်စီတပ်ရဲ့ လူ၊ ရိက္ခာနဲ့ လက်နက်ခဲယမ်းပါနိုင်တဲ့ စစ်ကားအစီး ၅၀ ကျော်ဟာ စက်တင်ဘာ ၁၈ ရက်နဲ့ ၁၉ ရက်က လွိုင်ကော်- ဒီးမော့ဆိုကနေတဆင့် ဖရူဆိုမြို့နယ်ထဲကို ရောက်လာတာဖြစ်တယ်လို့ သိရပါတယ်။

စစ်ရေးသတင်းရင်းမြစ်တယောက်က “ခွေး(စစ်ကောင်စီတပ်)ကားတန်းပဲ၊ ဟိုမောင်း ဒီမောင်း၊ ရိက္ခာပို့ပေါ့။ အတိအကျတော့ ပြောလို့မရဘူးဖြစ်နေတယ်။ သေချာတာကတော့ တထောက်နားပြီး ဘောလခဲဘက်ကို ဆက်ထိုးသွားဖို့ ပြင်ဆင်တဲ့ သဘောပါပဲဗျ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က လက်နက်ကြီး၊ ဒရုန်းတွေကို အဆမတန်အသုံးပြုပြီး စစ်ယာဉ်တန်းကို ဖရူဆိုမြို့ထဲရောက်အောင်သွားခဲ့ပေမယ့် ဒီးမော့ဆိုဘက်ကိုလည်း အသွားအလာလုပ်နေတယ်လို့ သိရပါတယ်။

ဖရူဆိုမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ ခမရ ၅၃၁၊ ခလရ ၄၂၈ နဲ့ အမှတ် ၁၄ တန်းမြင့်လေ့ကျင့်ရေးကျောင်းတို့ရှိနေပြီး ပြီးခဲ့တဲ့ ၃ လအတွင်း ရိက္ခာနဲ့ လက်နက်ခဲယမ်း ဖြည့်တင်းတာတွေ ရှိနေတာပါ။

အခု စက်တင်ဘာလထဲမှာ စစ်ကောင်စီတပ်က စစ်ကြောင်းလည်းထိုးနေသလို စစ်ဘေးရှောင်ပြည်သူတွေ နေထိုင်နေတဲ့ ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်ဘက်ကို လက်နက်ကြီးပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတာတို့ကြောင့် စစ်ရှောင်ပြည်သူ ၃ ယောက်သေဆုံးပြီး ၃ ယောက်က ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်အနောက်ဘက်ခြမ်းကို စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်တွေက စစ်ကြောင်းထိုးလာတဲ့အတွက် စစ်ရှောင်ပြည်သူတွေ ဘေးလွတ်ရာကို ထပ်ဆင့် စစ်ရှောင်နေရတယ်လို့ စစ်ရှောင်အရေးကူညီပေးနေတဲ့ Job for Kayah အဖွဲ့က စက်တင်ဘာ ၁၉ ရက်မှာ ပြောပါတယ်။

စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်တွေဟာ စက်တင်ဘာ ၁၅ ရက်နောက်ပိုင်းမှာ တောင်မဲသင်းရွာကနေ ဖယ်ခုံအနောက်ခြမ်းကို စစ်ကြောင်းထိုးလာလို့ ကျေးရွာ ၅ ရွာထက်မနည်း စစ်ဘေးရှောင်နေရပြီး မရိတ်သိမ်းရသေးတဲ့ စပါးတွေနဲ့ အသုံးအဆောင်တွေကို ကူညီရွှေ့ပြောင်းပေးတာတွေရှိတယ်လို့ သိရပါတယ်။

Job for Kayah အဖွဲ့တာဝန်ရှိသူက “သူတို့က ရွာခံတွေမဟုတ်ဘူး။ နှစ်ဆင့်လောက် စစ်ရှောင်ထားရတာတွေပါတယ်။ တချို့လည်း အနီးအနားမှာ စစ်ရှောင်ရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့အတွက် ထပ်ရွှေ့ရတာ၊ တောင်ယာစပါး၊ လယ်စပါး မရိတ်သိမ်းရသေးတာတွေ အများကြီးကျန်သေးတယ်။ တချို့လည်း ကိုယ်လွတ်ရုန်း ပြေးရတာပေါ့။ ပြေးတဲ့နေရာမှာ စားဖို့သောက်ဖို့ခက်ခဲတော့ ရွာမှာကျန်ခဲ့တဲ့ စပါးတွေကို ကူသယ်ပေးပါလို့ အကူညီတောင်းတာနဲ့ သွားထုတ်ပေးတာပေါ့နော်” လို့ ပြောပါတယ်။

ကျေးရွာနားတဝိုက်ကိုလည်း လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲတာတွေရှိနေတာကြောင့် စစ်ရှောင်ပြည်သူ ရာနဲ့ချီဟာ လွန်ခဲ့တဲ့ ၃ ရက်လောက်ကတည်းက အဝတ်တထည်ကိုယ်တခုနဲ့ အရေးပေါ်စစ်ရှောင်ခဲ့ကြရတာပါ။

စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်တွေက စစ်ကြောင်းမထိုးခင် လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့သလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာလည်း လုပ်နိုင်တာကြောင့် စစ်ရှောင်ပြည်သူတွေ စိုးရိမ်နေရတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013