Home
နိုင်ငံတကာ
ပါလက်စတိုင်းရွာသားများအပေါ်  တိုက်ခိုက်ခဲ့သူများကို အရေးယူမည်ဟု အစ္စရေးဝန်ကြီးချုပ် ပြော
DVB
·
November 18, 2025
Photo: REUTERS/Ronen Zvulun

အနောက်ဘက်ကမ်းရှိ ပါလက်စတိုင်းတွေအပေါ် လတ်တလော တိုက်ခိုက်မှုတွေ ကျူးလွန်ခဲ့တဲ့ အစ္စရေးနိုင်ငံသားတွေကို တရားဥပဒေအရ အရေးယူနိုင်အောင် အစိုးရအဖွဲ့ဝန်ကြီးများ အစည်းအဝေး အရေးပေါ်ခေါ်ယူသွားမယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက နိုဝင်ဘာ ၁၇ ရက်မှာ ပြောပါတယ်။

မနေ့က အကြမ်းဖက်မှုမှာ အစ္စရေးလူမျိုးတွေဟာ ဇာအီးရ်ကျေးရွာမှာ အစောပိုင်းက ပါလက်စတိုင်း အရပ်သားတွေနဲ့ အိုးအိမ်ပိုင်ဆိုင်မှုတွေအပေါ် တိုက်ခိုက်ခဲ့သလို ဘသ်လ်ဟမ်မြို့အနီးရှိ ပါလက်စတိုင်းရွာတရွာဖြစ်တဲ့ ဂျက်ဘာမှာလည်း နေအိမ်တွေနဲ့ မော်တော်ယာဉ်တွေကို မီးရှို့ခဲ့တယ်လို့ အရာရှိတွေကို ကိုးကားပြီး WAFA သတင်းမှာ ဖော်ပြပါတယ်။ 

အစ္စရေးဟာ အနောက်ဘက်ကမ်းရှိ ပါလက်စတိုင်းတွေအပေါ် တိုက်ခိုက်မှုတွေကို ထိန်းချုပ်ဖို့ နိုင်ငံတကာဖိအားတွေ တိုးပွားလာနေပါတယ်။

ဝန်ကြီးတွေကို အစည်းအဝေး ခေါ်ယူတာဟာ အကြမ်းဖက်မှုကို ဖြေရှင်းဖို့ နေတန်ယာဟုရဲ့ လတ်တလော အရေးအကြီးဆုံး လုပ်ဆောင်ချက်ဖြစ်ပြီး အစိုးရက အာရုံပိုမိုစိုက်ထားတဲ့ လက္ခဏာလည်း ဖြစ်ပါတယ်။

နေတန်ယာဟုက “အစွန်းရောက်အုပ်စုငယ်လေးတစုက အကြမ်းဖက်တဲ့ အနှောင့်အယှက်တွေနဲ့ တရားဥပဒေကို သူတို့ကိုယ်တိုင် ကိုင်တွယ်စီရင်ဖို့ ကြိုးပမ်းလုပ်ဆောင်နေတာ” လို့ သုံးသပ် ပြောဆိုပါတယ်။

ဥပဒေစိုးမိုးရေး အာဏာပိုင်တွေအနေနဲ့ အဓိကရုဏ်းကျူးလွန်သူတွေကို ဥပဒေနဲ့အညီ အပြည့်အဝ ကိုင်တွယ်ဖြေရှင်းပေးဖို့ တောင်းဆိုပါကြောင်းနဲ့ ဒီကိစ္စကို ကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းဖို့ ရည်ရွယ်ထားပြီး ဒီပြင်းထန်တဲ့ဖြစ်စဉ်ကို ဖြေရှင်းဖို့ သက်ဆိုင်ရာဝန်ကြီးတွေကို အမြန်ဆုံး အစည်းအဝေး ခေါ်ယူဖို့ ရည်ရွယ်ထားကြောင်း နေတန်ယာဟုက ပြောပါတယ်။ 

အစ္စရေးစစ်တပ်ဟာ လုံခြုံရေးတပ်ဖွဲ့တွေကို ဂျက်ဘာမှာ ချထားခဲ့ပြီး သက်ဆိုင်သူတွေကို ရှာဖွေမှုတွေ လုပ်ဆောင်နေပါတယ်။

မနေ့က အစည်းအဝေးတစ်ခုမှာ ပါလက်စတိုင်းအစိုးရအဖွဲ့ဟာ အစ္စရေးအစိုးရရဲ့ ကာကွယ်စောင့်ရှောက်မှုနဲ့ ပံ့ပိုးမှုအောက်မှာ နိုင်ငံတကာဥပဒေကို ချိုးဖောက်နေတယ်လို့ ဆိုတဲ့ ဒီတိုက်ခိုက်မှုတွေကိုရပ်တန့်အောင် အမြန်ဆုံးလုပ်ဆောင်ပေးဖို့ နိုင်ငံတကာကို တိုက်တွန်းခဲ့ပါတယ်။ 

အနောက်ဘက်ကမ်းမှာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ဆူပူအကြမ်းဖက်မှုတွေကို အစ္စရေးလူနည်းစုက လုပ်ဆောင်ခဲ့တာဖြစ်ပြီး နိုင်ငံရဲ့ နိုင်ငံသားအများစုကို ကိုယ်စားမပြုပါဘူးလို့ အစ္စရေးအစိုးရ ပြောရေးဆိုခွင့် ရှိသူတယောက်က ပြောပါတယ်။ 

အောက်တိုဘာလမှာပဲ အခြေချနေထိုင်သူတွေဟာ ပါလက်စတိုင်းလူမျိုးတွေအပေါ် အနည်းဆုံး တိုက်ခိုက်မှု ၂၆၄ ကြိမ် ပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့ပြီး ဒီဖြစ်ရပ်တွေကို ကုလသမဂ္ဂက ၂၀၀၆ ခုနှစ်မှာ စတင်ခြေရာခံ လုပ်ဆောင်ကတည်းက လစဉ်စာရင်းမှာ အမြင့်ဆုံးဖြစ်တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံးက ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013