
ဘယ်မြေပေါ်မှာမဆို ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး ဘယ်လိုကြိုးပမ်းမှုမျိုးကိုမဆို ဆန့်ကျင်သွားမယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျင်မင် နေတန်ယာဟုက ထပ်မံ ပြောကြားလိုက်ပါတယ်။
နိုဝင်ဘာ ၁၇ ရက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ပါလက်စတိုင်း လွတ်လပ်ရေးတံခါး ပွင့်လာစေနိုင်တဲ့၊ အမေရိကန်ထောက်ခံထားတဲ့ ဂါဇာငြိမ်းချမ်းရေး အစီအစဉ်ကို မဲခွဲမဆုံးဖြတ်မီ တရက်အလိုမှာ အခုလိုပြောခဲ့တာ ဖြစ်ပါတယ်။
သမ္မတ ဒေါ်နယ်ထရမ့်ပ် ကြားဝင်ညှိနှိုင်းပေးထားတဲ့ အစ္စရေး-ဟားမတ်စ် အပစ်အခတ်ရပ်စဲမှု နောက်ဆက်တွဲအဖြစ် အခုဆုံးဖြတ်ချက်မူကြမ်းကို မဲခွဲဆုံးဖြတ်မှာ ဖြစ်ပါတယ်။
ဂါဇာကမ်းမြောင်မှာ အသွင်ကူးပြောင်းရေးကာလ အုပ်ချုပ်ရေးနဲ့ ယာယီ အပြည်ပြည်ဆိုင်ရာ တည်ငြိမ်ရေးတပ်ဖွဲ့တွေ ချထားဖို့ အစီအစဉ်ကို လုံခြုံရေးကောင်စီက ထောက်ခံဖို့ မဲခွဲကြမှာပါ။
ဆုံးဖြတ်ချက် နောက်ဆုံးမူကြမ်းထဲမှာ အနာဂတ် ပါလက်စတိုင်းနိုင်ငံ ပေါ်ပေါက်ရေးဆိုတာကို ရည်ညွှန်းထားပါတယ်။
ဒီအချက်ကို အစ္စရေးအစိုးရဘက်က အသည်းအသန် ကန့်ကွက်နေပါတယ်။ “ဘယ်နယ်နိမိတ်မှာမဆို ပါလက်စတိုင်းနိုင်ငံ ပေါ်ပေါက်လာမှာကို ကျုပ်တို့ရဲ့ ဆန့်ကျင်မှုက ပြောင်းလဲမသွားပါဘူး” လို့ နေတန်ယာဟုက ကတ်ဘိနက်အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
ပါလက်စတိုင်းနိုင်ငံ ထူထောင်ခွင့်ပေးတာဟာ ဟားမတ်စ်ကို ဆုချသလို ဖြစ်မှာဖြစ်ပြီး အစ္စရေးနယ်စပ်မှာ ဟားမတ်စ်အုပ်ချုပ်တဲ့ နိုင်ငံကြီးတခု ပေါ်ပေါက်လာစေနိုင်တယ်လို့ နေတန်ယာဟုက အခိုင်အမာ ပြောဆိုထားပါတယ်။
အစောပိုင်းမှာ အနောက်နိုင်ငံတွေက ပါလက်စတိုင်းနိုင်ငံ ဖြစ်တည်မှုကို အသိအမှတ် ပြုလာကြချိန်မှာ နေတန်ယာဟုက တုံ့ပြန်ဖို့ ပျက်ကွက်နေတယ်လို့ ညွန့်ပေါင်းအစိုးရအတွင်းမှာ ဝေဖန်မှုတွေ ရှိနေခဲ့ပါတယ်။
ဘဏ္ဍာရေးဝန်ကြီး ဘယ်ဇာလယ် စမားထရစ်ချ်က “ကျုပ်တို့အမိမြေမှာ ပါလက်စတိုင်းနိုင်ငံဆိုတာ ဘယ်တော့မှ မပေါ်ပေါက်လာနိုင်ဘူးဆိုတာ တကမ္ဘာလုံးက ရှင်းရှင်းလင်းလင်းသိအောင် သင့်လျော်ပြီး ခိုင်မာတဲ့ တုံ့ပြန်ချက်တခု ချက်ချင်း ပြင်ဆင်ပါ” လို့ လူမှုကွန်ရက် X ပေါ်ကနေ နေတန်ယာဟုကို တိုက်တွန်းခဲ့ပါတယ်။
Source: Reuters


