
ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုနေတာတွေကို ကုလသမဂ္ဂမှာ ရှုတ်ချမယ်လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပြောပါတယ်။
နေတန်ယာဟုဟာ လာမယ့် သောကြာနေ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်းပြောကြားမှာဖြစ်ပြီး အဲဒီမိန့်ခွန်းမှာ ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုတဲ့ နိုင်ငံတွေကို ရှုတ်ချမှာပါ။
သူ့ရဲ့ခရီးစဉ်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ ဝါရှင်တန်မှာ တွေ့ဆုံမှုလည်း ပါဝင်တယ်လို့ နေတန်ယာဟုက လေယာဉ်ပေါ်မတက်မီ ပြောဆိုခဲ့ပါတယ်။
ပြင်သစ်နဲ့ ဗြိတိန် အပါအဝင် အနောက်အင်အားကြီးနိုင်ငံတွေက ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုကြောင်း ပြီးခဲ့တဲ့ ရက်အနည်းငယ်က ကြေညာထားပြီး အဲဒီကြေညာချက်ကို ထရမ့်ပ်နဲ့ နေတန်ယာဟု ၂ ယောက်စလုံးက ရှုတ်ချထားပါတယ်။
၂ နှစ်နီးပါး စစ်ဖြစ်နေပြီး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မရသေးတဲ့ ဂါဇာစစ်ပွဲနဲ့ ပတ်သက်လို့ အစ္စရေးကို တကမ္ဘာလုံးက ပြစ်တင်ရှုတ်ချမှုတွေ ပြုလုပ်ထားပါတယ်။
ဂါဇာစစ်ပွဲကြောင့် ပါလက်စတိုင်း ၆၅,၀၀၀ ကျော် သေဆုံးထားတယ်လို့ ဒေသကျန်းမာရေးအာဏာပိုင်တွေက ပြောပါတယ်။
ကုလသမဂ္ဂမှာ မိန့်ခွန်းပြောဖို့ နယူးယောက်မြို့ကို မသွားခင် လေဆိပ်မှာ နေတန်ယာဟုကို အစ္စရေးတွေက ဆန္ဒပြခဲ့တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
ဆန္ဒပြသူတွေဟာ ဂါဇာစစ်ပွဲကို ရပ်တန့်ဖို့၊ ဓားစာခံတွေကို ပြန်လွှတ်ပေးဖို့ သံပြိုင်ကြွေးကြော်မှုတွေ၊ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ပွဲနဲ့ပတ်သက်လို့ နိုင်ငံတကာက စိတ်ပျက်မှုတွေ ဖြစ်ပေါ်လာပြီး အစ္စရေး၊ အမေရိကန်တို့ရဲ့ မဟာမိတ်နိုင်ငံတွေကပါ ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုခဲ့ပါတယ်။
စစ်ပွဲကိုထောက်ခံတဲ့ အစ္စရေးတွေရဲ့ ရပ်တည်ချက်တွေလည်း ယိမ်းယိုင်လာပါတယ်။
ဟားမတ်စ်တွေ လက်ထဲမှာ ဓားစာခံအဖြစ် ဖမ်းဆီးခံထားရတဲ့ ၄၈ ယောက်အနက် အယောက် ၂၀ အသက်ရှင်သေးတယ်လို့ ယုံကြည်ထားပါတယ်။
ဟားမတ်စ်တွေဟာ လူ ၁,၂၀၀ ကို သတ်ခဲ့ပြီး ၂၅၁ ယောက်ကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့တာကြောင့် ၂၀၂၃ အောက်တိုဘာ ၇ ရက်နေ့မှာ စစ်ပွဲစတင်ခဲ့တာလို့ အစ္စရေးတွေက ဆိုပါတယ်။
Source: Reuters


