Home
နိုင်ငံတကာ
နေတန်ယာဟုအား တရားစွဲဆိုထားမှု သက်ညှာပေးရန် ထရမ့်ပ် တိုက်တွန်း
DVB
·
October 14, 2025
Photo :Reuters

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ အောက်တိုဘာ ၁၃ ရက်က ဂျေရုဆလင်ရှိ နက်ဆက် အစ္စရေးပါလီမန်မှာ မိန့်ခွန်းပြောနေချိန်အတွင်း အကျင့်ပျက်ခြစားမှုနဲ့ တရားရင်ဆိုင်နေရတဲ့ ၀န်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကို သက်ညှာခွင့်လွှတ်ပေးဖို့ အစ္စရေးသမ္မတ အိုက်ဆက်ခ် ဟဲရ်ဇော့ဂ်ကို တိုက်တွန်းခဲ့ပါတယ်။

သမ္မတ ထရမ့်ပ်ဟာ ကျန်ရှိ အစ္စရေးဓားစာခံတွေ အားလုံးပြန်လွတ်မြောက်လာပြီး ဂါဇာစစ်ပွဲ ပြီးဆုံးသွားမှုအပေါ် အစ္စရေးပါလီမန်မှာ မိန့်ခွန်းပြောကြားနေချိန်အတွင်း အစ္စရေးသမ္မတ ဟဲရ်ဇော့ဂ် ကို ညွှန်ပြပြီးတော့ “ဒါကတော့ မိန့်ခွန်းထဲမှာပြောရမယ့် စကားတော့ မဟုတ်ပေမဲ့ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ဒီလူကြီးလူကောင်း (သမ္မတ ဟဲရ်ဇော့ဂ်) က စစ်အတွင်းမှာ အကြီးကျယ်ဆုံး သမ္မတတွေထဲက တယောက်ပါပဲ။ ပြီးတော့ ဆေးပြင်းလိပ်တွေနဲ့ ရှန်ပိန်၊ အဲဒါကို ဘယ်သူက ဂရုစိုက်နေမှာလဲ” လို့ ပြောသွားတာပါ။

နေတန်ယာဟုဟာ ၂၀၁၉ ခုနှစ်က အမှု ၃ မှုနဲ့ စွဲချက်တင်ခံခဲ့ရပြီး အဲဒီထဲက တမှုဟာ ရှန်ပိန်နဲ့ ဆေးပြင်းလိပ် အပါအဝင် အစ္စရေးသုံးငွေ ရှက်ကယ်လ် ၇ သိန်းနီးပါး (ဒေါ်လာ ၂၁၀,၀၀၀) တန်ဖိုးရှိ  လက်ဆောင်တွေကို စီးပွားရေးသမားတွေဆီကနေ လက်ခံရရှိတာလည်း ပါဝင်ပါတယ်။

အစ္စရေးနိုင်ငံရဲ့ သမ္မတဟာ အခမ်းအနားဆိုင်ရာ ဂုဏ်ပြုတာဝန်တွေကို ထမ်းဆောင်ရတာ ဖြစ်ပေမဲ့ ထူးခြားအခြေအနေတွေကို တင်ပြမှုရှိတယ်ဆိုရင် ပြစ်မှုထင်ရှားစီရင်ခြင်းခံရတဲ့ ရာဇဝတ်သားကို လွတ်ငြိမ်းချမ်းသာခွင့် ပေးပိုင်ခွင့်ရှိပါတယ်။

ဒါပေမဲ့လည်း ၂၀၂၀ ခုနှစ်မှာ စတင်ခဲ့တဲ့ နေတန်ယာဟုရဲ့ ကာလကြာရှည် ရုံးတင်စစ်ဆေးမှုကို စီရင်ချက်မချရသေးဘဲ အရှေ့အလယ်ပိုင်းဒေသမှာ ကသောင်းကနင်း ဖြစ်ရပ်တွေအတွင်း မကြာခဏ အနှောင့်အယှက်တွေ ကြုံခဲ့ရပါတယ်။

နေတန်ယာဟုကတော့ အပြစ်မရှိကြောင်း ဝန်ခံချေပခဲ့ပြီး ဘာအမှားအယွင်းမှ ကျူးလွန်ခဲ့တာ မရှိကြောင်း ငြင်းဆိုခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013