
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ပ်ရဲ့ နှလုံးကျန်းမာရေးက လက်ရှိအသက်ထက် ၁၄ နှစ်ပိုငယ်တဲ့ အခြေအနေရှိကြောင်း ဆရာဝန်က ပြောတယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်ပါတယ်။
အသက် ၇၉ နှစ်အရွယ်ရှိ ထရမ့်ပ်ရဲ့ နှလုံးကျန်းမာရေးက အသက် ၆၅ နှစ်အရွယ် နှလုံးကျန်းမာရေးအခြေအနေရှိတယ်လို့ ဆရာဝန်က ပြောထားတာပါ။
ထရမ့်ပ်ဟာ သမ္မတအဖြစ် ပြန်လည်တာဝန်ထမ်းဆောင်ချိန်မှာ အသက် ၇၉ နှစ်ရှိပြီဖြစ်လို့ အမေရိကန်သမ္မတတွေထဲမှာ အသက်အကြီးဆုံးသမ္မတဖြစ်လာပါတယ်။
ထရမ့်ပ်ဟာ တာဝန်တွေ အရှိန်မြှင့်လုပ်ဆောင်နေမှုကို ဆက်ပြီးထိန်းထားခဲ့သလို အနီရောင် အသား အစားအစာကို ကြိုက်တယ်လို့ ဖော်ပြပါတယ်။
တနင်္ဂနွေနေ့မှာ အရှေ့အလယ်ပိုင်းကို ခရီးထွက်ဖို့ စီစဉ်ထားတဲ့ ထရမ့်ပ်ဟာ ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ခဲ့ပြီး တုပ်ကွေး၊ ကိုဗစ်ရောဂါကာကွယ်ဆေးတွေ ထိုးထားတယ်လို့ ဆိုပါတယ်။
ထရမ့်ပ်ရဲ့ ဆရာဝန်က “ထရမ့်ပ်ဟာ ထူးခြားတဲ့ကျန်းမာရေးအခြေအနေမှာ ရှိနေပြီး နှလုံးသွေးကြော၊ အဆုတ်၊ အာရုံကြောနဲ့ ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရေးတွေ ကောင်းပါတယ်”လို့ မှတ်တမ်းမှာ ရေးသားထားတာကို အိမ်ဖြူတော်က ထုတ်ပြန်တာပါ။
ထရမ့်ပ်ရဲ့ နှလုံးအခြေအနေကို ECG ရိုက်ကြည့်တဲ့အချိန်မှာ လက်ရှိအသက်အရွယ်ထက် ၁၄ နှစ်ပိုပြီး နုပျိုတဲ့ အခြေအနေရှိတယ်လို့ ဆရာဝန်ရဲ့မှတ်ချက်ထဲမှာ ဖော်ပြပါတယ်။
၂၀၂၄ ခုနှစ်တုန်းက သမ္မတ ဂျိုးဘိုင်ဒန်ကို ကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီး ရွေးကောက်ပွဲယှဉ်ပြိုင်မှုအပေါ် မေးခွန်းထုတ်ခဲ့ကြသလို ရွေးကောက်ပွဲလည်း ဝင်မပြိုင်ဖြစ်ခဲ့တဲ့နောက် ထရမ့်ပ်ရဲ့ ကျန်းမာရေးအခြေအ နေကိုလည်း စိတ်ဝင်စားခဲ့ကြပါတယ်။
အဲ့ဒီတုန်းက ထရမ့်ပ်က သမ္မတရွေးချယ်ဖို့ မဲဆွယ်ကာလမှာ သူဟာ ဘိုင်ဒန်ထက်ပိုငယ်ပြီး ပိုကြံ့ခိုင်တယ်လို့ ပြောခဲ့ဖူးပါတယ်။
Photo: Reuters




