Home
နိုင်ငံတကာ
WTO က လာမည့်နှစ်အတွက် ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှု တိုးတက်နှုန်း လျှော့ချ
DVB
·
October 8, 2025
Photo: Reuters

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ အခွန်စည်းကြပ်မှုတွေကြောင့် နှောင့်နှေးစရာရှိတဲ့ သက်ရောက်မှုတွေကို ကိုးကားပြီး ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး (WTO) က အောက်တိုဘာ ၇ ရက်မှာ ကမ္ဘာ့ကုန်သွယ်မှုပမာဏ တိုးတက်မှုအတွက် ၂၀၂၆ ခန့်မှန်းချက်ကို သိသိသာသာ လျှော့ချခဲ့ပါတယ်။

ဩဂုတ်လတုန်းက ခန့်မှန်းချက် ၁ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်မှုနှုန်းကို သိသိသာသာ ပြန်ပြင်လိုက်တာလည်း ဖြစ်ပါတယ်။

“လာမယ့်နှစ်အတွက် အလားအလာက ပိုဆိုးလာမှာကို စိုးရိမ်မိပါတယ်” လို့ ညွှန်ကြားရေးမှူးချုပ် အန်ဂိုဇီ အိုခွန်ဂျို အဝေးလာက ဂျီနီဗာမြို့တော်မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ကမ္ဘာ့ကုန်သွယ်ရေးစနစ်ဟာ စည်းမျဥ်းအခြေခံတဲ့ နိုင်ငံစုံစနစ်နဲ့ ကုန်သွယ်မှု မတည်ငြိမ်မှုတွေ ကြားမှာ တည်ငြိမ်မှုတချို့ကို ပေးနေပြီး ကမ္ဘာ့ကုန်သွယ်ရေးစနစ်က ခံနိုင်ရည်ရှိတာ ပြနေတယ်လို့ သူက ပြောပါတယ်။

၂၀၂၅ ခုနှစ်အတွက် WTO ဟာ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုပမာဏ တိုးတက်မှုအတွက် သူ့ခန့်မှန်းချက်ကို အရင် ၀ ဒသမ ၉ ရာခိုင်နှုန်း ကနေ ၂ ဒသမ ၄ ရာခိုင်နှုန်းဆီ အဆင့်မြှင့်တင်ခဲ့ပါတယ်။

ဒါဟာ ဉာဏ်ရည်တု AI နဲ့ ပတ်သက်တဲ့ ကုန်ပစ္စည်းတွေကို ကုန်သွယ်မှုမှာ တိုးတက်လာတာနဲ့ ထရမ့်ပ်ရဲ့ စည်းကြပ်ခွန်တွေ မတိုင်မီ အမေရိကန်ဆီ သွင်းကုန်တွေ ရှေ့တိုးလာတာတွေက အဓိက တွန်းအားပေးခဲ့တာပါ။

ဒါပေမဲ့ ၂၀၂၄ ခုနှစ်က မြင်တွေ့ရတဲ့ တိုးတက်မှု ၂ ဒသမ ၈ ရာခိုင်နှုန်း အောက်မှာပဲ ရှိနေပါသေးတယ်။

ဇန်နဝါရီလမှာ တာဝန်ယူပြီးတဲ့နောက် ထရမ့်ပ်ရဲ့ အခွန်အကောက်ဆိုင်ရာ ဆုံးဖြတ်ချက်တွေဟာ ဘဏ္ဍာရေးစျေးကွက်တွေကို တုန်လှုပ်သွားစေခဲ့ပြီး ကမ္ဘာ့စီးပွားရေးမှာ မသေချာ မရေရာမှု လှိုင်းတွေ ပေါ်ပေါက်ခဲ့ပါတယ်။

၂၀၂၅ ခုနှစ် ပထမနှစ်ဝက်မှာ ကမ္ဘာ့ကုန်သွယ်မှု ပမာဏဟာ ပျမ်းမျှအားဖြင့် ပို့ကုန်နဲ့ သွင်းကုန် တိုင်းတာချက်အရ တနှစ်ထက်တနှစ် ၄ ဒသမ ၉ ရာခိုင်နှုန်း တိုးလာပြီး ကုန်သွယ်မှုတန်ဖိုးဟာ ၂၀၂၄ ခုနှစ်မှာ ၂ ရာခိုင်နှုန်း တိုးတက်မှုနဲ့ နှိုင်းယှဉ်ရင် ၆ ရာခိုင်နှုန်း တိုးလာတယ်လို့ WTO က အစီရင်ခံပါတယ်။

အကျိုးဆက်အနေနဲ့ WTO စီးပွားရေးပညာရှင်တွေက ဧပြီလ ၀ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းမှုရဲ့ ခန့်မှန်းချက်ထက် အခုနှစ်အတွက် ကုန်သွယ်မှုတိုးတက်မှု ခန့်မှန်းချက်ကို ၂ ဒသမ ၄ ရာခိုင်နှုန်းဆီ အဆင့်မြှင့်တင်ခဲ့ပါတယ်။

အကောက်ခွန်မတိုးမီ အမေရိကန်ဆီ စက်ယန္တရားတွေ၊ မော်တော်ယဉ်တွေနဲ့ သစ်ခွဲသားတွေ အပါအဝင် ကုန်ပစ္စည်းတွေ အလျင်စလို တင်ပို့တာ၊ AI နဲ့ ဆက်စပ်တဲ့ထုတ်ကုန်တွေ ဝယ်လိုအား မြင့်တက်လာတာနဲ့အတူ တိုးတက်မှုကို အထောက်အကူဖြစ်စေတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Source: Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024