Home
နိုင်ငံတကာ
ထရမ့်ပ်က မြို့ကြီးများကို အစောင့်တပ်များ ဘာကြောင့်ပို့နေသလဲ
DVB
·
October 7, 2025
Photo: SOCIAL MEDIA WEBSITE / REUTERS

အမေရိကန်မှာ အိမ်ဖြူတော်နဲ့ ပြည်နယ်အစိုးရတွေကြား အာဏာအားပြိုင်မှုတွေ ပြင်းထန်နေပါတယ်။

သမ္မတ ဒေါ်နယ်ထရမ့်ပ်က အကြမ်းဖက်မှုတွေကို နှိမ်နင်းမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မြို့ကြီးတချို့ကို အမျိုးသားအစောင့်တပ်တွေ ချထားဖို့ လုပ်ဆောင်လာတာကို ပြည်နယ်အုပ်ချုပ်ရေးမှူးတွေက ဒါဟာ မလိုအပ်ဘဲ အာဏာသုံးတာပါဆိုပြီး တရားစွဲဆို တားဆီးနေကြပါတယ်။

ဒီအခြေအနေကြောင့် သမ္မတတယောက်အနေနဲ့ ပြည်နယ်တွေရဲ့ သဘောတူညီချက်မလိုဘဲ တပ်တွေကို စေလွှတ်ပိုင်ခွင့် တကယ်ပဲ ရှိသလားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

အမျိုးသားအစောင့်တပ်ဆိုတာ ဘာလဲ

အမျိုးသားအစောင့်တပ် ဆိုတာက ပြည်နယ်အလိုက် ဖွဲ့စည်းထားတဲ့ တပ်ဖွဲ့တွေဖြစ်ပြီး ဖက်ဒရယ် မစ်ရှင်တွေအတွက် အသုံးချတဲ့အခါမှာတော့ အမေရိကန်စစ်တပ်ရဲ့ အရန်တပ်ဖွဲ့တွေ ဖြစ်လာပါတယ်။

အစောင့်တပ်ဖွဲ့ဝင် အများစုဟာ အရပ်ဘက် အလုပ်အကိုင်တွေ ရှိကြပြီးတော့ အစောင့်တပ်ဖွဲ့ဝင်အဖြစ် အချိန်ပိုင်း တာဝန်ထမ်းကြတာ ဖြစ်ပါတယ်။

ပုံမှန်အားဖြင့်တော့ သူတို့ကို ပြည်နယ်အုပ်ချုပ်ရေးမှူးကပဲ သဘာဝဘေးအန္တရာယ် ကျရောက်ချိန်တွေ၊ ဆန္ဒပြပွဲကြီးတွေလို ပြည်တွင်းအရေးပေါ်အခြေအနေတွေမှာ အမိန့်ပေးပြီး တာဝန်ချထားလေ့ ရှိပါတယ်။

အရေးကြီးတဲ့အချက်ကတော့ Posse Comitatus Act လို့ခေါ်တဲ့ ဖက်ဒရယ်ဥပဒေအရ သူတို့မှာ အရပ်သားတွေကို ဖမ်းဆီးတာ၊ ရှာဖွေတာမျိုး လုပ်ခွင့်မရှိအောင် အာဏာကို ကန့်သတ်ထားတာပါပဲ။

သမ္မတထရမ့်ပ်က အစောင့်တပ်တွေကို ဘယ်လိုအသုံးချနေသလဲ

သမ္မတထရမ့်ပ်က ပြည်နယ်အုပ်ချုပ်ရေးမှူးတွေကို ကျော်ပြီး အစောင့်တပ်တွေကို တိုက်ရိုက် ထိန်းချုပ်နိုင်ဖို့ သိပ်မသုံးကြတဲ့ စစ်ဘက်ဥပဒေတခုကို သုံးစွဲနေပါတယ်။

အဲဒီဥပဒေက နိုင်ငံမှာ “ပုန်ကန်မှုအန္တရာယ်” ရှိနေပြီဆိုရင် သမ္မတက အစောင့်တပ်တွေကို ဖက်ဒရယ်အစိုးရလက်အောက်ကို တိုက်ရိုက်ခေါ်ယူခွင့်ရှိတယ် ဆိုတဲ့အချက်ပါပဲ။

ထရမ့်ပ်အစိုးရကတော့ ချီကာဂိုနဲ့ ပေါ့တ်လန်းမြို့တွေမှာ ဖြစ်နေတဲ့ လူဝင်မှုကြီးကြပ်ရေးမူဝါဒကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေဟာ ဒီအဆင့်ကို ရောက်နေပြီလို့ အကြောင်းပြနေပါတယ်။

ဒါပေမဲ့ ဝေဖန်သူတွေကတော့ ဒါဟာ “ပုန်ကန်မှု” ဆိုတဲ့ စကားလုံးကို နိုင်ငံရေးအရ အဓိပ္ပာယ်ဖော်လွန်းရာကျတယ်လို့ ဝေဖန်နေကြပါတယ်။

ထရမ့်ပ်ရဲ့လုပ်ရပ်ကို တရားရုံးတွေက တားဆီးနိုင်မလား

ဒီပြဿနာက အခုဆိုရင် တရားရုံးတွေပေါ် ရောက်နေပါပြီ။ ပေါ့တ်လန်းမြို့မှာဆိုရင် ဖက်ဒရယ်တရားသူကြီးတယောက်က “ဒါဟာ စစ်အုပ်ချုပ်ရေးနိုင်ငံမဟုတ်ဘူး၊ ဥပဒေနဲ့ အုပ်ချုပ်တဲ့နိုင်ငံ” လို့ပြောပြီး တပ်တွေချထားမှုကို နှစ်ကြိမ်တိုင်တိုင် ပိတ်ပင်တားဆီးခဲ့ပါတယ်။

အလားတူပဲ အီလီနွိုက်ပြည်နယ် အုပ်ချုပ်ရေးမှူးကလည်း သမ္မတဟာ “အကျပ်အတည်းကို တမင်တကာ ဖန်တီးနေတယ်” လို့ စွပ်စွဲပြီး ချီကာဂိုကို တပ်တွေမလွှတ်နိုင်အောင် တရားစွဲထားပါတယ်။

ထရမ့်ပ်အစိုးရက ဒီဆုံးဖြတ်ချက်တွေကို အယူခံဝင်သွားမှာဖြစ်လို့ ဒီတရားရေးတိုက်ပွဲကတော့ ပြီးဆုံးဖို့ အဝေးကြီးလိုနေပါသေးတယ်။

နောက်ဆုံးမှာတော့ ဒီအမှုဟာ အထက်တရားရုံးတွေကနေတဆင့် သမ္မတရဲ့အာဏာကို ဘယ်အတိုင်းအတာအထိ ကန့်သတ်ထားသလဲ ဆိုတာကို အသစ်ပြန်လည်သတ်မှတ်ပေးမယ့် အဆုံးအဖြတ်တခု ဖြစ်လာနိုင်ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013