
၇ နှစ်နီးပါးအတွင်း ပထမဆုံး အစိုးရလုပ်ငန်း ရပ်ဆိုင်းမှုအတွက် နှစ်ဖက်လွှတ်တော်အမတ်တွေ အပြန်အလှန် အပြစ်တင်နေကြချိန်မှာ ၂ ရက်အတွင်း ဖယ်ဒရယ်အစိုးရဝန်ထမ်းတွေကို အကြီးအကျယ် လျှော့ချ ထုတ်ပယ်တော့မယ်လို့ အိမ်ဖြူတော်က ကြေညာလိုက်ပါတယ်။
သန်းခေါင်ယံ နောက်ဆုံးသတ်မှတ်ချိန် မတိုင်မီ အစိုးရအသုံးစရိတ် အစီအစဉ်သစ် ချမှတ်နိုင်ဖို့ရာ လွှတ်တော်မှာ ရီပတ်ဘလစ်ကန်နဲ့ ဒီမိုကရက်အမတ်တွေကြားမှာ သဘောတူညီမှု မရခဲ့ပါဘူး။
ဒါကြောင့် အောက်တိုဘာ ၁ ရက်ကစပြီး မရှိမဖြစ် လုပ်ငန်းတွေကလွဲလို့ ကျန် အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းထားရတာ ဖြစ်ပါတယ်။
အစိုးရအသုံးစရိတ်နဲ့ ပတ်သက်ပြီး ဒီမိုကရက်တွေဘက်က ဝင်ငွေနည်း ပြည်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုရန်ပုံငွေ အာမခံချက်ကို အရင်လိုချင်နေတာ ဖြစ်ပါတယ်။
အိမ်ဖြူတော်ပြောခွင့်ရပုဂ္ဂိုလ် ကာရိုလိုင်း လဲဗစ်က ဝန်ထမ်းလျှော့ချမှုနဲ့ပတ်သက်ပြီး “တခါတလေမှာ ကိုယ်မလုပ်ချင်တဲ့အရာတွေကို လုပ်ရပါတယ်” လို့ ပြောဆိုခဲ့ပြီး “ဒီမိုကရက်တွေကြောင့် ဒီအခြေအနေကို ရောက်ခဲ့ရတာ” လို့လည်း အပြစ်တင်ခဲ့ပါတယ်။
အထက်လွှတ်တော် ဒီမိုကရက် လူနည်းစုခေါင်းဆောင် ချပ်ခ် ရှူးမားကလည်း ရီပတ်ဘလစ်ကန်တွေဟာ သူတို့ရဲ့ အစီအစဉ်ကို လက်ခံအောင် အနိုင်ကျင့် ဗိုလ်ကျနေတယ်လို့ စွပ်စွဲထားပါတယ်။
ဒီရပ်ဆိုင်းမှုကြောင့် မရှိမဖြစ်မဟုတ်တဲ့ အစိုးရဝန်ထမ်း ၇ သိန်းခွဲလောက် လစာမဲ့ ယာယီ အနားပေးခံရနိုင်တယ်လို့ သုံးသပ်သူတွေက ခန့်မှန်းထားပါတယ်။
ဒီအခြေအနေဟာ အမေရိကန်စီးပွားရေးကို ဒေါ်လာဘီလီယံနဲ့ချီ ထိခိုက်စေနိုင်ပြီး ညှိနှိုင်းမှုလမ်းစ ပျောက်နေဆဲဖြစ်လို့ အခြေအနေက ရှည်ကြာနိုင်တယ်လို့ စိုးရိမ်နေကြပါတယ်။
နောက်ထပ်မဲခွဲမှုတခုကိုတော့ သောကြာနေ့မှာ ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။




