Home
နိုင်ငံတကာ
နှစ်ပေါင်း ၂၅၀ ပြည့်အထိမ်းအမှတ် ၁ ဒေါ်လာတန်အကြွေစေ့တွင် ထရမ့်ပ် ပုံသုံးရန် စဉ်းစား
DVB
·
October 4, 2025
Photo :Reuters

အမေရိကန်ရဲ့ နှစ်ပေါင်း ၂၅၀ ပြည့်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ၁ ဒေါ်လာတန် အကြွေစေ့မှာ သမ္မတဒေါ်နယ်ထရမ့်ပ်ရဲ့ ရုပ်ပုံကို အသုံးပြုဖို့ ဘဏ္ဍာရေးဝန်ကြီးဌာနက စဉ်းစားထားတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။ 

နှစ်ပေါင်း ၂၅၀ ပြည့်မယ့် ၂၀၂၆ ခုနှစ်အမေရိကန်လွတ်လပ်ရေးနေ့မှာ ထရမ့်ပ်ပုံ ကို ၁ ဒေါ်လာတန်အကြွေစေ့ပေါ်မှာ ရိုက်နှိပ်ဖို့ စဉ်းစားနေတယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောခဲ့တာပါ။ အကြွေစေ့ရဲ့မျက်နှာပြင်မှာ ထရမ့်ပ်ပုံပါဝင်ပြီး ၁၇၇၆-၂၀၂၆ ဆိုတဲ့ ခုနှစ်တွေ ပါဝင်ပါတယ်။

အခြားတဘက်မှာ လက်သီးဆုပ်ထားတဲ့ ပုံပါဝင်ပြီး Fight ဆိုတဲ့ စာလုံး ၃ လုံးလည်း ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။ 

လက်သီးဆုပ်ထားတဲ့ ပုံဟာ ပြီးခဲ့တဲ့နှစ်က ထရမ့်ပ်ကို လုပ်ကြံချိန်မှာ အသက်မသေဘဲ လက်သီးဆုပ်ပြီး ပြန်ပြောတဲ့ ပုံကို ရည်ညွှန်းတယ်လို့လည်း ဖော်ပြပါတယ်။

ဒီအကြွေစေ့ဒီဇိုင်းတွေကို ဆိုရှယ်မီဒီယာ X မှာ ဘဏ္ဍာရေးဌာနက ဖော်ပြခဲ့တာဖြစ်ပါတယ်။ 

ဘဏ္ဍာရေးဌာန ပြောရေးဆိုခွင့်ရှိသူတယောက်က “အမေရိကန်ရဲ့ လွတ်လပ်ရေးအတွက် ဂုဏ်ပြုထုတ်ဝေမယ့် ၁ ဒေါ်လာတန်ဒီဇိုင်းက မရွေးရသေးပါဘူး။ ပထမရွေးချယ်ထားတဲ့ မူကြမ်းကတော့ ကျနော်တို့နိုင်ငံနဲ့ ဒီမိုကရေစီစိတ်ဓာတ်အတွက် ကြီးမားတဲ့အခက်အခဲတွေကို ရင်ဆိုင်နိုင်တယ်ဆိုတဲ့ ပြယုဂ်ဖြစ်ဖို့ ရည်ရွယ်ပါတယ်” လို့ ပြောပါတယ်။ 

၁ ဒေါ်လာတန် အကြွေစေ့နဲ့ပတ်သက်ပြီး သတင်းအချက်အလက်တွေကို အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းထားမှု အဆုံးသတ်ပြီးချိန်မှာ ထုတ်ပြန်မယ်လို့ ဆိုပါတယ်။ 

၂၀၂၀ ပြည့်နှစ်တုန်း ၂၀၂၆ ခုနှစ်မှာ ၁ ဒေါ်လာတန် အကြွေစေ့ထုတ်ဖို့ လွှတ်တော်မှာ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ 

အမေရိကန်နိုင်ငံ နှစ် ၂၀၀ မြောက် နှစ်ပတ်လည်တုန်းကလည်း ၁ ဒေါ်လာတန် အကြွေစေ့ ထုတ်ခဲ့ဖူးပြီး အဲ့ဒီတုန်းက အမေရိကန်ရဲ့လွတ်လပ်ရေးအထိမ်းအမှတ်အဖြစ် လေဘာတီ ခေါင်းလောင်းနဲ့ လပုံတို့ကို ၁၉၇၆ ခုနှစ်မှာ အသုံးပြုခဲ့ဖူးပါတယ်။ 

အမေရိကန်သမ္မတတွေ အနေနဲ့ ၁၉၇၁ ခုနှစ်တုန်းက ၁ ဒေါ်လာတန်အကြွေစေ့မှာ ၁၉၆၉ ခုနှစ်က ကွယ်လွန်ခဲ့တဲ့ သမ္မတဟောင်း အိုင်ဆင်ဟောင်ဝါရဲ့ ပုံကို ပထမဆုံးအကြိမ်အသုံးပြုခဲ့ဖူးပါတယ်။

ထရမ့်ပ်က သူ့ပုံပါတဲ့ အကြွေစေ့ဒီဇိုင်းမူကြမ်းကို မြင်ဖူးလားလို့ သတင်းထောက်တွေက မေးတဲ့အခါ အိမ်ဖြူတော် ပြောခွင့်ရ ကာရိုလိုင်းလဲဗစ်က သေချာမသိကြောင်းနဲ့ ထရမ့်ပ်ကြိုက်မှာတော့ သေချာကြောင်း ဖြေကြားခဲ့ပါတယ်။ 

Source:Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013