Home
နိုင်ငံတကာ
ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် မာချာဒိုက သူ့ကိုဖုန်းခေါ်ဆိုခဲ့ဟု ထရမ့်ပ်ပြော
DVB
·
October 11, 2025
Photo :Reuters

ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာရီယာကိုရီနာမာချာဒိုဟာ ၂၀၂၅ ခုနှစ်အတွက် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုကို ချီးမြှင့်ခံရပြီးနောက်မှာ သူ့ကို ဖုန်းခေါ်ဆိုခဲ့တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အောက်တိုဘာ ၁၀ ရက်မှာ ပြောပါတယ်။

ထရမ့်ပ်ရဲ့ အပြောအရ မာချာဒိုက ထရမ့်ပ်ဟာ ဒီဆုကို အမှန်တကယ်ရထိုက်တာကြောင့် သူ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီဆုကိုလက်ခံကြောင်း ပြောခဲ့တယ်လို့ ဆိုပါတယ်။

“မာချာဒိုက ဒီလိုပြောလာတာ သိပ်တော်ပါတယ်။ ဒါဆို ကျနော့်ကို ဒီဆု ပေးလိုက်လေလို့တော့ မပြောလိုက်ပါဘူး။ သူ့ကို ကျနော်တလျှောက်လုံး ကူညီပေးလာခဲ့တာဖြစ်ပြီး သူတို့ ဗင်နီဇွဲလားမှာ အကူအညီအများကြီးလိုအပ်နေတယ်” လို့  ထရမ့်ပ်က ပြောပါတယ်။ 

ထရမ့်ပ်က “ဒီဆုက ၂၀၂၄ ခုနှစ်အတွက်  ပေးတာလို့လည်း ပြောလို့ရတယ်။ ၂၀၂၄ မှာ ကျနော်က ရွေးကောက်ပွဲ ဝင်နေခဲ့တာ။ ကျနော်တို့ ပိတ်ဆို့မှုတွေလို့ပြောရမယ့် အလွှဲအပြောင်းတွေ အများကြီးကို လုပ်ခဲ့တာဖြစ်ပြီး လုပ်သင့်လုပ်ထိုက်တဲ့ကိစ္စတွေ အများကြီးကို လုပ်ခဲ့ပါတယ်။ ဒီဆုကိုလည်း ကျနော် မယူပါဘူး။ သန်းနဲ့ချီတဲ့ လူတွေရဲ့ အသက်တွေ၊ ဘဝတွေကို ကယ်တင်နိုင်ခဲ့တာမို့ပဲ ကျေနပ်နေပါတယ်” လို့ ပြောပါတယ်။ 

နောက်ပိုင်းမှာ မာချာဒိုက “ဗင်နီဇွဲလားနိုင်ငံက ဒုက္ခတွေခံစားနေရတဲ့ ပြည်သူလူထုနဲ့ ကျမတို့ရဲ့ အရေးကိစ္စတွေကို ပြတ်ပြတ်သားသား ထောက်ခံပေးခဲ့တဲ့ သမ္မတ ထရမ့်ပ်တို့အတွက် ဒီဆုကို ရည်စူးပါတယ်” လို့ အင်္ဂလိပ်ဘာသာနဲ့ X မှာ ပို့စ်တင်ခဲ့ပါတယ်။ 

သူ့နိုင်ငံထဲမှာပဲ ပုန်းအောင်းနေထိုင်နေတဲ့ အသက် ၅၈ နှစ်အရွယ် စက်မှုအင်ဂျင်နီယာ မာချာဒိုဟာ ၂၀၁၃ ခုနှစ် ကတည်းက အာဏာရလာတဲ့ သမ္မတ နိကိုလပ်စ် မာဒူရိုကို စိန်ခေါ်နိုင်ခဲ့ပြီး ၂၀၂၄ ခုနှစ်မှာတော့ ဗင်နီဇွဲလားတရားရုံးတွေက မာချာဒိုကို သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခဲ့ပါတယ်။  

ထရမ့်ပ်ဟာ မာဒူရိုကို အပြင်းအထန် ဝေဖန်သူဖြစ်ပြီး အမေရိကန်ဟာ မာဒူရို အစိုးရရဲ့ တရားဝင်မှုကို အသိအမှတ် မပြုတဲ့ နိုင်ငံများစွာထဲမှ တနိုင်ငံဖြစ်ပါတယ်။

ထရမ့်ပ်ဟာ အစ္စရေးနဲ့ ဟားမတ်စ်တို့အကြားက ဂါဇာစစ်ပွဲကို ရပ်တန့်ဖို့ ဆွေးနွေးခဲ့ပြီး အောင်မြင်မှုတခုကိုကြေညာလိုက်ပြီးနောက်မှာ အစောပိုင်းတုန်းက အိမ်ဖြူတော်ဟာ  နော်ဝေနိုဘယ်ကော်မတီကို ဝေဖန်ခဲ့ပါသေးတယ်။ 

Photo: Reuters 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013