
ဂါဇာစစ်ပွဲ အဆုံးသတ်သွားပြီဖြစ်ပြီး အရှေ့အလယ်ပိုင်း ပုံမှန်ပြန်ဖြစ်တော့မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အစ္စရေးနိုင်ငံကို မသွားရောက်ခင်မှာ ပြောကြားခဲ့ပါတယ်။
ဂါဇာဒေသမှာ အပစ်အခတ်ရပ်စဲထားတာ အောက်တိုဘာ ၁၃ ရက်ဆိုရင် ၄ ရက်မြောက် ရှိလာပြီဖြစ်ပြီး အစ္စရေးပြည်သူတွေဟာ ဟားမတ်စ်အဖွဲ့က ပြန်လွှတ်ပေးမယ့် ဓားစာခံတွေကို စောင့်မျှော်နေကြပါတယ်။
ငြိမ်းချမ်းရေးနိုဘယ်လ်ဆုနဲ့ သူနဲ့ ထိုက်တန်ကြောင်း ထပ်တလဲလဲ ပြောခဲ့တဲ့ ထရမ့်ပ်က ဂါဇာစစ်ပွဲဟာ သူဖြေရှင်းပေးခဲ့တဲ့ ၈ ခုမြောက်စစ်ပွဲလို့ ထပ်ပြောခဲ့ပါတယ်။
ဒါပေမဲ့ ထရမ့်ပ်က “ကျုပ်က နိုဘယ်လ်ဆုအတွက် လုပ်ခဲ့တာမဟုတ်ဘူး။ လူ့အသက်တွေကယ်ဖို့ လုပ်ခဲ့တာ” လို့လည်း ပြောကြားခဲ့ပါတယ်။
ထရမ့်ပ်ဟာ အစ္စရေးပါလီမန်မှာ မိန့်ခွန်းပြောကြားမှာဖြစ်ပြီး အီဂျစ်နိုင်ငံမှာကျင်းပမယ့် ငြိမ်းချမ်းရေး ထိပ်သီးအစည်းအဝေးကိုလည်း တက်ရောက်ဖို့ရှိပါတယ်။
“ကျုပ်က စစ်ပွဲတွေ ဖြေရှင်းတဲ့နေရာမှာ တော်တယ်။ ငြိမ်းချမ်းရေးလုပ်တဲ့နေရာမှာ တော်တယ်” လို့လည်း မှတ်ချက်ပေးခဲ့ပါတယ်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနဲ့ ကာတာနိုင်ငံကိုလည်း ချီးကျူးရမယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။
သဘောတူညီချက်အရ ဟားမတ်စ်အဖွဲ့ဟာ အသက်ရှင်လျက်ရှိတဲ့ ဓားစာခံ ၂၀ နဲ့ သေဆုံးသွားသူ ၂၈ ယောက်ရဲ့ ရုပ်အလောင်းတွေကို အောက်တိုဘာ ၁၃ ရက်မှာ ပြန်လွှဲပေးရမှာ ဖြစ်ပါတယ်။
အပြန်အလှန်အားဖြင့် အစ္စရေးဘက်ကလည်း ပြစ်မှုကြီးတွေနဲ့ ထောင်ကျနေတဲ့ ပါလက်စတိုင်း အကျဉ်းသား ၂၅၀ အပါအဝင် ထိန်းသိမ်းထားသူတွေကို ပြန်လွှတ်ပေးမှာပါ။
ပါကစ္စတန်-အာဖဂန်နစ္စတန် ပဋိပက္ခကိုလည်း သူကြားသိထားပြီးတော့ သူ ခရီးကနေ ပြန်လာတဲ့အထိတော့ စောင့်ရမယ်လို့ မှတ်ချက်ပေးပါတယ်။
Source: Reuters




