
အီဂျစ်မှာပြုလုပ်တဲ့ ဂါဇာအရေး ထိပ်သီးဆွေးနွေးပွဲမှာ အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တိုက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကို သားဖြစ်သူ အဲရစ်ထရမ့်ပ်နဲ့ တွေ့လိုကြောင်း ကပ်တိုး ပြောကြားခဲ့တာကို အမှတ်မထင် အသံဖမ်းယူမိခဲ့ပါတယ်။
အဲရစ်ထရမ့်ပ်ဟာ ထရမ့်ပ်ရဲ့ စီးပွားရေးလုပ်ငန်းတွေကို စီမံနေတဲ့ Trump Organization ရဲ့ အလုပ်အမှုဆောင် ဒုဥက္ကဋ္ဌ တာဝန်ယူထားသူ ဖြစ်ပါတယ်။
ခေါင်းဆောင် ၂ ယောက်ဟာ မိုက်ရှိတဲ့စင်ပေါ်မှာ ရပ်နေရင်းနဲ့ စကားပြောနေကြတာဖြစ်ပြီး တိုက်ရိုက်အသံလွှင့်နေတဲ့ မိုက်မှာ အသံဖမ်းယူမိနေတယ်ဆိုတာ သတိမပြုမိခဲ့ကြပါဘူး။
ပရာဘိုဝိုက ဒေသတခုကို ရည်ညွှန်းပြီးတော့ “လုံခြုံရေးအရကြည့်ရင်တော့ ဘေးမကင်းဘူး” လို့ ပြောကြားခဲ့ပြီး “ကျနော် အဲရစ်နဲ့ တွေ့လို့ရမလား” လို့ ထရမ့်ပ်ကို မေးမြန်းခဲ့ပါတယ်။
ထရမ့်ပ်က “အဲရစ်ကို ခေါ်ခိုင်းလိုက်မယ်လေ၊ အဲဒီလိုလုပ်သင့်တယ်မလား၊ သူက လူတော်လေးပါ။ အဲရစ်ကို ခေါ်ခိုင်းလိုက်မယ်” လို့ ပြန်ပြောပါတယ်။
ပရာဘိုဝိုက “ကျနော်တို့ ပိုကောင်းတဲ့နေရာရှာရမယ်” လို့ ထပ်ပြောတဲ့အခါ ထရမ့်ပ်က “အဲရစ်ကို ခင်ဗျားဆီ ခေါ်ခိုင်းလိုက်မယ်လေ” လို့ တုံ့ပြန်ပါတယ်။
အဲဒီအခါ ပရာဘိုဝိုက “အဲရစ်လား ဒွန်ဂျူနီယာလား” လို့ ထပ်မေးခဲ့ပါတယ်။ ဒွန်ဂျူနီယာဆိုတာ ဒေါ်နယ်ထရမ့်ပ်ရဲ့ သားကြီး ဒေါ်နယ်ထရမ့်ပ် ဂျူနီယာကို ဆိုလိုတာ ဖြစ်ပါတယ်။
အိမ်ခြံမြေ၊ ဟိုတယ်နဲ့ ခရစ်ပ်တိုရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ ပါဝင်တဲ့ စီးပွားရေးလုပ်ငန်းတွေ လည်ပတ်နေတဲ့ Trump Organization မှာ အဲရစ်ထရမ့်ပ်ရော၊ ဒေါ်နယ်ထရမ့်ပ် ဂျူနီယာပါ အမှုဆောင် ဒုဥက္ကဋ္ဌတွေ ဖြစ်ကြပါတယ်။
Trump Organization ဟာ အင်ဒိုနီးရှားမြို့တော် ဂျကာတာမြို့ပြင်မှာ ဂေါက်ကွင်းတခု လုပ်ကိုင်နေပါတယ်။
အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းမှာလည်း ဂေါက်ကွင်းနဲ့ အပန်းဖြေစခန်း မကြာမီ ဖွင့်ဖို့ရှိတယ်လို့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ အမေရိကန် အိမ်ဖြူတော်နဲ့ ဝါရှင်တန်မှာရှိတဲ့ အင်ဒိုနီးရှားသံရုံးကို မေးမြန်းခဲ့ပေမဲ့ သတင်းထုတ်ပြန်ချိန်အထိ တစုံတရာ တရားဝင် တုံ့ပြန်ဖြေကြားတာမျိုး မရှိသေးပါဘူး။
Source: Reuters




