
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဖြုတ်ချခံ ဝန်ကြီးချုပ် ရှိတ်ဟာစီနာဟာ ပြီးခဲ့တဲ့နှစ်က ကျောင်းသားတွေ ဦးဆောင်တဲ့ အုံကြွမှုကို ပြင်းပြင်းထန်ထန် နှိမ်နင်းဖို့ အမိန့်ပေးခဲ့လို့ အပြစ်ရှိတယ်လို့ တရားရုံးက ဆုံးဖြတ်ပြီး မျက်ကွယ် သေဒဏ် ချမှတ်ခဲ့ပြီးတဲ့နောက် နိုဝင်ဘာ ၁၇ ရက်က မြို့တော်ဒါကာမှာ ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပါတယ်။
ရဲနဲ့ စစ်ဘက်ဆိုင်ရာ တပ်ဖွဲ့တွေကို အစိုးရအဆောက်အအုံတွေနဲ့ တရားရုံးဝင်းနားမှာ တာဝန် ချထားခဲ့ပြီး မြို့တော်နဲ့ တခြားအဓိကမြို့ကြီးတွေမှာ လုံခြုံရေးတင်းတင်းကျပ်ကျပ် ချထား ခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ် ဇူလိုင် ၁၅ ရက်ကနေ သြဂုတ် ၅ ရက်အထိ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအတွင်း လုံခြုံရေးတပ်ဖွဲ့တွေရဲ့ သေနတ်နဲ့ပစ်ခတ်မှုကြောင့် အများစုပါဝင်တဲ့ လူပေါင်း ၁၄၀၀ အထိ သေဆုံးပြီး လူထောင်ပေါင်းများစွာ ဒဏ်ရာရခဲ့တယ်လို့ ကုလသမဂ္ဂ အစီရင်ခံစာ တစောင်က ခန့်မှန်းထားပါတယ်။
ဒါဟာ ၁၉၇၁ ခုနှစ် လွတ်လပ်ရေး စစ်ပွဲနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်မှာ အဆိုးရွားဆုံး နိုင်ငံရေး အကြမ်းဖက်မှုလည်း ဖြစ်ပါတယ်။
အသက် ၇၈ နှစ်အရွယ် ဝန်ကြီးချုပ်ဟောင်း ဟာစီနာဟာ လှုံ့ဆော်မှု၊ သတ်ဖြတ်မှုတွေအတွက် အမိန့်ပေးမှုနဲ့ အုံကြွမှုအတွင်း ရက်စက်ကြမ်းကြုတ်မှုတွေကို ကာကွယ်ဖို့ ပျက်ကွက်မှု အပါအဝင် စွဲချက် ၃ ခုနဲ့ အပြစ် ရှိကြောင်း တွေ့ရှိခဲ့တယ်လို့ တရားသူကြီး ဂိုလမ် မော်တူဇာ မိုဇမ်ဒါက ပြောပါတယ်။
ဟာစီနာက သူ့ကို ပြစ်ဒဏ် ချမှတ်ပြီးတဲ့နောက် တရားရုံးကို "လိမ်လည်လှည့်ဖြားထားတဲ့ ခုံရုံး" အဖြစ် စွပ်စွဲပြီး တရားရုံးဆုံးဖြတ်ချက်ကို ပယ်ချတယ်လို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
Source:Reuters


