
စစ်တပ်ထောက်ခံ အနုပညာရှင်တွေ ပြည်ပမှာ လာဖျော်ဖြေမယ့်ပွဲတွေကို ဆန့်ကျင်တဲ့ Boycott အရှိန် အောင်မြင်နေပြီး၊ Iron Cross ဖျော်ဖြေပွဲကို ပြည်သူတွေ ဆက်ပြီး Boycott လုပ်ကြဖို့ တော်လှန်ရေး အင်အားစုတွေက တိုက်တွန်းပါတယ်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာလုပ်မယ့် စစ်တပ်ထောက်ခံအနုပညာရှင်တွေရဲ့ပွဲတွေကို သွားမကြည့်ကြဖို့ ဆန့်ကျင်သပိတ်မှောက်တဲ့ Boycott လှုပ်ရှားမှုက အထိုက်အလျောက် အောင်မြင်ခဲ့ပြီး နိုဝင်ဘာ ၂၂ ရက်မှာ ကျင်းပမယ့် Iron Cross ဖျော်ဖြေပွဲကို ပြည်သူတွေ ဆက်လက်ဆန့်ကျင် Boycott လုပ်ကြဖို့ တိုက်တွန်း နှိုးဆော်နေပါတယ်။
မလေးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ပထမပတ်အတွင်း စစ်တပ် ထောက်ခံ အနုပညာရှင်၊ အဆိုတော် G Fatt လာဖျော်ဖြေခဲ့တဲ့ပွဲကို မလေးရှားရောက် မြန်မာအသိုက်အဝန်းက ဆန့်ကျင်သပိတ်မှောက်ကြဖို့ လှုံ့ဆော်ခဲ့ပေမယ့် ထိရောက်မှုက ၃၀ ရာခိုင်နှုန်းလောက်ပဲ ရှိခဲ့တယ်လို့ ဆိုပါတယ်။
FNCC Burma အဖွဲ့ တာဝန်ရှိသူတယောက်က “မလေးမှာ လုပ်သွားတဲ့ G Fatt ပွဲနဲ့ ပတ်သက်လို့ ပြောရမယ်ဆိုရင် Boycott ထိရောက်မှုက ၃၀ ရာခိုင်နှုန်းလောက်ပဲရှိတယ် ပြောလို့ရမယ်။ ၇၀ ရာခိုင်နှုန်းက မအောင်မြင်ဘူးလို့ ပြောလို့ရတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီတုန်းက ကျနော်တို့ Page က ကျနေတဲ့အတွက် တောက်လျှောက် နှိုးဆော်ပေးမယ့် အဖွဲ့အစည်းက မရှိတဲ့အခါကျတော့ Boycott ထိရောက်မှုက သိပ်မရှိခဲ့ဘူး။ G Fatt ပွဲအနေနဲ့ ပြောရရင်ပေါ့။ ဒါပေမဲ့ ပွဲစဉ် နှစ်ပွဲလုံးနဲ့ ကြည့်တဲ့အခါကျတော့ Boycott ထိရောက်မှုက ၅၀ ရာခိုင်နှုန်းလို့ ပြောလို့ရတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာကျောင်းသားမှန်သမျှက Boycott မှာ ပါဝင်ပေးကြတယ်။ ကျောင်းတွေမှာ လုပ်မယ့်ပွဲတွေဆိုရင် Boycott person ပါလာပြီဆိုတာနဲ့ ပွဲတွေက ပျက်ကို ပျက်တာ အမှန်ပါပဲ” လို့ ပြောပါတယ်။
ထိုင်းနိုင်ငံမှာတော့ IC ရှိုးပွဲ လက်မှတ်ရောင်းတဲ့ဆိုင်တွေအကုန်လုံးကို Boycott ဖို့ FNCC Burma အဖွဲ့က ကြေညာခဲ့ပြီးနောက် တချို့ဆိုင်တွေမှာ လက်မှတ်မရောင်းတော့တာ၊ တချို့ဆိုင်တွေကို ပြည်သူတွေအားမပေးတော့ စတဲ့ သက်ရောက်မှုကြီးတဲ့အထိ Boycott အောင်မြင်ခဲ့ပေမယ့် စားသောက်ဆိုင်ကြီးတွေကတော့ ဆက်လက်လုပ်ကိုင်နေပါတယ်။
ဘန်ကောက်ရောက် မြန်မာတယောက်က “ဘန်ကောက်မှာရှိတဲ့ မြန်မာအသိုင်းအဝိုင်းက IC ရှိုးပွဲ အပါအဝင် BC ကို ထိထိရောက်ရောက် လုပ်နေသလားဆိုတော့ ထိထိရောက်ရောက် လုပ်တဲ့အဖွဲ့ ရှိသလို၊ မလုပ်တဲ့အဖွဲ့လည်း ရှိနေသေးတယ်။ ပွဲမြင်ရင် ပျော်ချင်ကြတဲ့ အဖွဲ့တွေလည်း ရှိတယ်။ အဲဒီ အဖွဲ့ကြားမှာ စိမ့်ဝင်ဖို့လည်းလိုတယ်။ ပြီးတော့ Spicy Bar လိုမျိုးနေရာတွေမှာ အရင်တုန်းက စိုင်းစိုင်းခမ်းလှိုင် ပွဲဆိုလည်း တခမ်းတနားလုပ်ခဲ့တာပဲလေ။ အဲတုန်းက ဘာလို့ BC မလုပ်တာလဲပေါ့။ အခု အရှိန်လေးပြန်မြင့်လာတဲ့အခါ လူတွေက Awareness (အသိ) ရသွားတာ မှန်တယ်။ လုပ်မယ်ဆိုတဲ့ အသိဝင်တာ မှန်တယ်။ အရင်ထက်စာရင် လုပ်မယ်ဆိုတဲ့ အသိဝင်သွားတာ မှန်တယ်။ ဒါပေမဲ့ BC မလုပ်ရသေးတဲ့ အဖွဲ့တွေ၊ BC လုပ်ရကောင်းမှန်းမသိတဲ့ လူတန်းစား တရပ်လည်း ရှိပါသေးတယ်ဗျ” လို့ ပြောပါတယ်။
မြန်မာအာဏာသိမ်း စစ်တပ်နဲ့ တနည်းမဟုတ်တနည်း ဆက်နွှယ်နေတဲ့ ဆိုင်တွေ၊ လုပ်ငန်းတွေကတော့ ပြည်သူကိုတောင်းပန်မှာ မဟုတ်သလို၊ FNCC Burma အဖွဲ့ကလည်း Boycott နဲ့ Social Punishment (လူမှုရေးပြစ်ဒဏ်ပေးတာ)ဆက်လုပ်ကြဖို့ နှိုးဆော်သွားမယ်လို့ ဆိုပါတယ်။
FNCC Burma အဖွဲ့ တာဝန်ရှိသူတယောက်က “Boycott က အသံတိတ်နဲ့ အာဏာသိမ်းစစ်အုပ်စုကို အများကြီး အထိနာစေတယ်။ ပြီးတော့သူတို့ရဲ့ ဝါဒဖြန့်ချိရေးကွန်ရက်ကို အများကြီး အင်အားချည့်နဲ့အောင် လုပ်နိုင်တယ်ဆိုတာ ကျနော်တို့က ပြည်သူလူထု သိအောင် အများကြီး လှုံ့ဆော်ရမယ်။ ဘာဖြစ်လို့ လှုံ့ဆော်ရမလဲဆိုတော့ သူတို့ရဲ့ ရပ်တည်ရှင်သန်မှုနဲ့ ပတ်သက်ပြီး ဝင်ငွေလမ်းကြောင်းကို ထိခိုက်စေချင်တာဖြစ်ဖြစ်၊ လျော့နည်းစေချင်တယ်ဆိုရင် Boycott ကို သေချာ လုပ်ရမယ်။ နောက်ပြီး သူတို့နဲ့ ပတ်သက်တဲ့ အစုအဖွဲ့၊ အသိုင်းအဝိုင်းမှန်သမျှကို Social Punishment ကို တိတိကျကျလုပ်မယ်ဆိုရင် အဲလူတွေက လူ့အသိုင်းအဝိုင်းမှာရှင်သန်ဖို့ ခက်ခဲလာမှာဖြစ်တဲ့အတွက် Boycott နဲ့ Social Punishment ကို သေချာလေး ဆက်လုပ်ဖို့ လိုတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက ထိုင်းမှာပြသခဲ့တဲ့ သရုပ်ဆောင် နေဝင်း ပါဝင်တဲ့ ‘ဗြောသံ’ Boycott လုပ်ခဲ့တဲ့ ဆန့်ကျင်ကမ်ပိန်းက ထိထိရောက်ရောက်အောင်မြင်ခဲ့ပြီး၊ နိုဝင်ဘာလအတွင်း ဘန်ကောက် Spicy Club မှာလုပ်မယ့် ဖျော်ဖြေပွဲအချို့လည်း ဖျက်သိမ်းခဲ့ရပါတယ်။
ပြည်ပရောက် မြန်မာတွေအနေနဲ့ စစ်တပ်ထောက်ခံတဲ့ အနုပညာရှင်တွေ၊ ရေပေါ်ဆီတွေ လာရောက် ဖျော်ဖြေမယ့်ပွဲတွေကို သွားအားမပေးကြဖို့ Boycott နဲ့ Social Punishment ထိထိရောက်ရောက် လုပ်ဆောင်ကြဖို့လည်း တော်လှန်ရေးအင်အားစုတွေက တိုက်တွန်း ပြောဆိုနေကြပါတယ်။
ဇွဲသစ်


