
စစ်တပ်က ရွေးကောက်ပွဲ ဝါဒဖြန့် လှုံ့ဆော်ဖို့ အနုပညာရှင်တွေကို ဖိအားပေး အသုံးချလာသလို တဖက်မှာလည်း စစ်တပ်နဲ့ ဆက်စပ်သူတွေ၊ ဝါဒဖြန့်ချိရေးမှာ ပါဝင်တဲ့ အနုပညာရှင်တွေကို အားမပေးခြင်းဖြင့် သပိတ်မှောက်ဆန့်ကျင် Boycott လုပ်ကြဖို့ တော်လှန်ရေးအင်အားစုဘက်က ဆက်တိုက် လှုံ့ဆော်နေပြီး အားကောင်းမှုတွေ ရှိလာပါတယ်။
Boycott လုပ်တဲ့အခါ ဘယ်လိုစိစစ်သတ်မှတ်ချက်တွေနဲ့ လုပ်ကိုင်ကြလဲ ဆိုတာနဲ့ ပတ်သက်လို့ Boycott လုပ်ကြဖို့ တိုက်တွန်း လှုံ့ဆော်ပေးနေတဲ့ FNCC Burma အဖွဲ့ကို DVB သတင်းထောက် ဇွဲသစ်က ဆက်သွယ် မေးမြန်းထားပါတယ်။
မေး - အခု Boycott လုပ်တာ အရှိန်အားကောင်းလာတဲ့အချိန်မှာ စစ်တပ် ထောက်ခံ အနုပညာရှင်တွေကလည်း Boycott ကို ကြောက်လာတာ တွေ့ရတယ်။ ဒါပေမဲ့ တဖက်မှာလည်း Boycott လုပ်ရမှန်း မသိသေး၊ တချို့က သိသိရက်နဲ့ မလုပ်ကြသူတွေလည်း ရှိတဲ့အပေါ် ဘာပြောချင်ပါလဲဗျ။
ဖြေ - “တချို့ကျတော့ Boycott ဆိုတာ ဘာမှန်းကို မသိကြဘူး။ အဲဒီ Boycott ဆိုတာ ဘာမှန်း မသိကြသူတွေကျတော့ သေသေချာချာ ရှင်းပြရမယ်။ အသိ မျှဝေရမယ်။ သေသေချာချာ Boycott ဆိုတာ ဘယ်လောက်ထိ ပြောင်းလဲလို့ရတယ်။ ဘယ်လောက်ထိ အနုပညာရှင်တွေကို ဖိအားပေးလို့ရတယ်။ ဘယ်လောက်ထိ ဒီလူတွေကို တုန်လှုပ်စေလဲဆိုတာ သိအောင် ကျနော်တို့က လူထုကြားထဲမှာ သတင်းဖြန့်ဝေဖို့ လိုတယ်။ Boycott ဘာမှန်းမသိသေးတဲ့ သူတွေအပြင် Boycott တင်တဲ့သူတွေကိုပါ ပြန်ပုတ်ခတ်ကြတာ ရှိတယ်။ ပြန်ပုတ်ခတ်တဲ့ ကိစ္စတွေမှာ အဲဒီလူတွေက အမှန်ပြောရရင် သွယ်ဝိုက်တဲ့နည်းနဲ့ စစ်တပ် ထောက်ခံနေသူတွေ ဖြစ်သလို သွယ်ဝိုက်ပြီး ဒီအနုပညာရှင်တွေကို ထောက်ခံနေသူတွေ ဖြစ်တယ်။ ကျနော်တို့က ဘက်တဘက်တည်း အနေနဲ့ ရွေးမယ်ဆိုရင် သူတို့ အမျိုးအစားနှစ်ခုက အတူတူပဲ။ ခွဲပြီး မြင်စရာ မလိုဘူး။ တဖွဲ့တည်းလို့ သတ်မှတ်လို့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအနုပညာရှင်တွေရဲ့ လုပ်ဆောင်ချက်တွေက ပြည်သူလူထုရဲ့ ဆန္ဒနဲ့ ဆန့်ကျင်တဲ့အတွက် ကျနော်တို့က Boycott လုပ်တာ။ ဆိုတော့ အဲဒီ Boycott လုပ်တာကို ပြန်ပုတ်ခတ်တာက ဒီလုပ်ဆောင်ချက်ကို ဆန့်ကျင်တာနဲ့ အတူတူပဲ။”
မေး - ဒီအခြေအနေတွေပေါ်မှာရော အစ်ကိုတို့အနေနဲ့ Boycott ဆက်လုပ်ကြဖို့ ဘယ်လို တိုက်တွန်းချင်ပါလဲဗျ။
ဖြေ - “အဲဒီတော့ ကျနော်တို့က ဘယ်လိုပုံစံနဲ့ ဆက်တိုက်တွန်းရမလဲဆိုတော့ လူထုကြားထဲမှာ Boycott က ဘယ်လို၊ Boycott ဘယ်လောက်ထိ အားကောင်းတယ်။ လူတွေရဲ့ စိတ်ဆန္ဒ ပြင်းထန်မှုကို ပြသလို့ရတယ်။ လူတွေက ဒီအနုပညာရှင်တွေ လုပ်ချင်တိုင်း၊ သူတို့ ပြောချင်တိုင်း၊ သူတို့ စိတ်ဆန္ဒရှိတိုင်း လုပ်ချင်တိုင်း လုပ်လို့မရဘူးလို့ ကျနော်တို့ Boycott လုပ်ကြတာ။ ဆိုတော့ အဲဒီအရှိန် အားကောင်းအောင် Boycott နဲ့ ပတ်သက်တဲ့ အသိပညာ အားကောင်းအောင် ကျနော်တို့က လုပ်နိုင်ရင် စစ်တပ်ကိုထောက်ခံတဲ့ အနုပညာရှင်တွေ အားလုံးကို တော်တော်ကြီးကြီးမားမား လှုပ်ခတ် တုန်လှုပ်စေမယ်။”
မေး - နောက်တခုက Boycott ပို့စ်တွေ တင်တဲ့အခါ အချက်အလက်တွေ မှန်ကန်အောင်နဲ့ သတင်းမှားတွေ မတင်မိအောင်ရော ဘယ်လို သတိထား စိစစ်တင်ရပါလဲဗျ။
ဖြေ - “ကျနော်တို့အနေနဲ့ ဘာပြောချင်လဲဆိုတော့ အချက်အလက် မှန်ကန်ရေးက တော်တော် အရေးကြီးတယ်ဆိုတာ တွေ့ရတယ်။ ကျနော်တို့တောင် အမှားအယွင်း ရှိခဲ့ဖူးပါတယ်။ မရှိဘူး မဟုတ်ဘူး။ အဲဒါနဲ့ ပတ်သက်ပြီးတော့ စိစစ်တဲ့အပိုင်းမှာ တော်တော် တင်းကျပ်မှရမယ်။ အဲ့လို မစိစစ်နိုင်ဘူးဆိုရင် မဆိုင်တဲ့သူတွေကို သွားပြီး သက်ရောက်စေတဲ့အခါ ဒီလှုပ်ရှားမှုက တော်တော်ကြီးကို အစွန်းရောက်တဲ့လှုပ်ရှားမှု ဖြစ်သွားမှာပေါ့လေ။ အစွန်းရောက်တဲ့ လှုပ်ရှားမှု မဖြစ်ဖို့က ကျနော်တို့လုပ်ရပ်ကလည်း မှန်ရမယ်။ စိစစ်တဲ့အပိုင်းကလည်း မှန်ရမယ်။ လုပ်ဆောင်ချက်ကလည်း မှန်ရမယ်။”
“Boycott ဆိုတာသည် လူတဖက်သားကို မတရားသဖြင့် မနစ်နာဖို့ကလည်း အရေးကြီးတယ်။ စစ်အုပ်စုကို ထောက်ခံတယ်။ သွယ်ဝိုက်တဲ့နည်းနဲ့ ထောက်ခံတာပဲ ဖြစ်ဖြစ်၊ စစ်အုပ်စုနဲ့ ပတ်သက်တဲ့ အတုယောင် ရွေးကောက်ပွဲကို Promote လုပ်ပေးတာပဲ ဖြစ်ဖြစ်၊ အဲလိုလူတွေကို အချက်အလက် ပြည့်စုံစွာ သေချာဖော်ထုတ်ပြီး ပြင်းပြင်းထန်ထန် Boycott လုပ်ရမှာပေါ့။ အချက်အလက်တွေ စိစစ်တဲ့အခါမှာလည်း ဒီလူက စစ်တပ်မျိုးနွယ်လား၊ စစ်တပ်မျိုးဆက်လား၊ ဒါမှမဟုတ် သူ့ Background data မှာ စီးပွားရေးအရ စစ်တပ်နဲ့ ဆက်စပ်လား၊ သူတို့သည် ခရိုနီလား၊ သူတို့နဲ့ ပတ်သက်ဆက်နွှယ်နေတဲ့ ကိစ္စသည် ဘာတွေလဲ၊ သေချာ စစ်ဆေးသင့်တယ်။ မှားလည်း မမှားသင့်ဘူး။ မှားသွားတယ်ဆိုရင် Boycott လှုပ်ရှားမှုမှာ အကြီးအကျယ် သက်ရောက်နိုင်တယ်။ ဒါကြောင့် Fact checking ကိစ္စမှာ တော်တော် စိစစ်ရမယ်။ ကျနော်တို့က စိစစ်မှုကို ပိုဂရုစိုက်ရမယ်။ ပိုတင်းကျပ်ရမယ်။ လုံးဝ အမှားအယွင်း မရှိအောင် ဂရုစိုက်ရမယ်။ ဒါမှ Boycott လှုပ်ရှားမှုက အားကောင်းလာမယ်။ အားကောင်းလာတဲ့အပြင် လူထုယုံကြည်မှု မြင့်လာတာနဲ့အမျှ ငါတို့ကို သူတို့က ကြောက်ပါလားဆိုတဲ့ ပြင်းပြင်းထန်ထန် လှိုင်းတခု ရောက်လာပြီဆိုရင် ကျနော်တို့ Boycott လှုပ်ရှားမှုကို ပြည်တွင်းမှာရှိတဲ့ ဘယ်အနုပညာရှင်ကမှ အထင်သေးရဲတော့မှာ မဟုတ်သလို လူထုကိုလည်း မလေးမစား လုပ်ရဲတော့မှာ မဟုတ်ဘူး။”


