
အာဏာသိမ်းစစ်တပ်က ပြုလုပ်မယ့် ရွေးကောက်ပွဲမှ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီတွေရဲ့ မဲဆွယ် ဆိုင်းဘုတ်တွေကို ဖျက်ဆီးခဲ့တယ်ဆိုပြီး ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်က လူငယ် ၄ ယောက်ကို ဖမ်းဆီးလိုက်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၁၄ ရက်နေ့ မနက် ၃ နာရီဝန်းကျင်မှာ သင်္ဃန်းကျွန်းမြို့နယ်ထဲက ကြံ့ခိုင်ရေးပါတီ၊ ပြည်သူ့ပါတီနဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ ဆိုင်းဘုတ် စုစုပေါင်း ၄ ခုကို ဖျက်ဆီးခဲ့တာကြောင့် ဖမ်းဆီးခဲ့တာလို့ စစ်ကောင်စီက စွပ်စွဲထားပါတယ်။
အဲဒီစွပ်စွဲချက်နဲ့ သင်္ဃန်းကျွန်း ရန်အောင်ရပ်ကွက်က ကိုရွှေလင်းဦးနဲ့ ကိုစွမ်းထက်အောင်၊ ဗိုလ်ကံညွန့်ရပ်ကွက်က ကိုခိုင်မင်းကိုနဲ့ ကိုချစ်လင်းကိုတို့ကို ဖမ်းဆီးထားတာပါ။
စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ထဲမှာ ဒီလူငယ် ၄ ယောက်ကို လွှတ်တော်ကိုယ်စားလောင်းတွေကို ဥပဒေနဲ့အညီ မဲဆွယ်စည်းရုံးမှု မပြုလုပ်နိုင်အောင် စိုက်ထူထားတဲ့ ပါတီဆိုင်းဘုတ်တွေကို ဖျက်ဆီးပြီး ခြိမ်းခြောက်ဟန့်တားခြင်းတွေ ပြုလုပ်ခဲ့တာကြောင့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေပုဒ်မ ၂၄(က) နဲ့ အမှုဖွင့်ထားတယ်လို့လည်း ဖော်ပြပါရှိပါတယ်။
ရွေးကာဥပဒေလို့လည်း ခေါ်တဲ့ ဒီဥပဒေ ပုဒ်မအရ ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၃ နှစ်ကနေ ၇ နှစ်အထိ ကျခံရနိုင်တာဖြစ်ပြီး ငွေဒဏ်လည်း ချမှတ်ခံရနိုင်ပါတယ်။
ဒီရွေးကာဥပဒေကို အာဏာသိမ်း စစ်ခေါင်းဆောင်က ဇူလိုင် ၂၉ ရက်မှာ လက်မှတ်ရေးထိုးပြဋ္ဌာန်းခဲ့ပြီးနောက် ဖမ်းဆီးခံရသူပေါင်း ၁၀၀ နီးပါးရှိလာပြီလည်း ဖြစ်ပါတယ်။


