
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်က လူငယ်လူရွယ်တွေကို နေ့စဉ်ရက်ဆက် ဖမ်းဆီးနေတယ်လို့ မြို့ခံပြည်သူတွေဆီကနေ သိရပါတယ်။
စစ်တပ်ကဖမ်းဆီးမှုတွေကို မနက်ခင်းနဲ့ ညနေခင်းအချိန်တွေမှာ အများဆုံးပြုလုပ်တယ်လို့လည်း သိရပါတယ်။
မုံရွာမြို့ခံ လူငယ်တယောက်က “သူတို့က အလုပ်လာတဲ့အချိန်ရယ်၊ အလုပ်ကနေ အိမ်ပြန်တဲ့ အချိန်တွေမှာ ဆွဲတာဗျ။ ဟို နိုဝင်ဘာ ၁၂ ရက်နေ့ ညနေပိုင်းကဆိုရင် ချင်းတွင်းမြစ်ကမ်းဘေး သရက်ပင်ဆိပ်ကမ်းမှာ ကွမ်းယာရောင်းတဲ့ ရှမ်းဒေါင်းဆိုင်က လူငယ် ၂ ယောက်ကို ပေါ်တာဆွဲသွားသလို မြစ်အနောက်ဘက်ကမ်း ညောင်ပင်ကြီးဘက်ကနေ အလုပ်လာလုပ်တဲ့ လူငယ်လေးတွေ ပေါ်တာဆွဲ ဖမ်းဆီးခံလိုက်ရတယ်။ လူဦးရေအတွက် ဘယ်လောက်ရှိလဲဆိုရင် ကျနော်သိတာကိုက ၈ ဦး အထိရှိတယ်ဗျ။ သလ္လာဝတီဆိပ်ကမ်းနဲ့ စက်မှုဇုန်ဘက်တွေက အလုပ်သမား အများစုအဖမ်းခံရတာတွေလည်း ရှိတယ်ဗျ။ ကျနော်တို့နိုင်ငံက ပြည်သူအချင်းချင်းဖြစ်နေတဲ့ စစ်ပွဲမှာ အာဏာရှင်စစ်တပ်က ယုတ်မာပြီး အိမ်ကြက်ချင်းအိုးမည်းသုတ်တိုက်သလို လုပ်တာလေ။ တခြားနိုင်ငံကနေ ကျနော်တို့ မြန်မာနိုင်ငံကို ကျူးကျော်နယ်ချဲ့လာတဲ့ စစ်ပွဲဆိုရင် ဘယ်စစ်မှုထမ်းဥပဒေမှ ပြဋ္ဌာန်းစရာကို မလိုဘူး။ ရတဲ့လက်နက်နဲ့ စစ်ပွဲကိုတိုက်မှာဗျ။ အခုဟာက စစ်တပ်က သူတို့အာဏာကို ကာကွယ်ဖို့ ပြည်သူအချင်းချင်း စစ်မှုထမ်းဥပဒေ အကြောင်းပြပြီး အိုးမည်းသုတ် အတိုက်ခိုင်းတာကိုတော့ဘယ်လိုမှ လက်မခံနိုင်ပါဘူး”လို့ ပြောပါတယ်။၏
စစ်ကောင်စီတပ်တွေကတော့ စစ်မှုထမ်းဥပဒေကို အကြောင်းပြပြီး သာမန်လက်လုပ်လက်စား လုပ်ကိုင်စားသောက်နေကြရတဲ့ လူငယ်တွေကိုသာ ပေါ်တာဆွဲဖမ်းဆီးနေပြီး ပိုက်ဆံရှိသူတွေရဲ့ သားသမီးတွေကိုတော့ ဖမ်းဆီးတာမလုပ်ဘူးလို့လည်း သိရပါတယ်။
ပေါ်တာဆွဲ ဖမ်းဆီးခံရသူတယောက်ရဲ့ ဖခင်တယောက်က “ကျနော်တို့မှာ ဒီသားလေးက လုပ်ကျွေးနေတာ။ ကျနော့် အသက်က ၇၀ ပါ။ ကျနော့်မိန်းမက ၆၉ ပါ။ ကျနော်တို့မှာ ဒီသားတယောက်ပဲရှိတာဗျ။ ကျနော်တို့ မိအို၊ ဖအို ၂ ယောက်ကို လုပ်ကျွေး နေတဲ့သားကို စစ်တပ်က ပေါ်တာဆွဲဖမ်းတော့ ကျနော်တို့ကို ဘယ်သူက လုပ်ကျွေးကြမလဲ။ ကျနော် စစ်တပ်က တာဝန်ရှိသူကို သွားတောင်းပန်သေးတယ်ဗျ။ မရဘူး။ ကျနော့်ရှေ့က မိဘတယောက်ကတော့ သိန်း ၇၀ ပေးပြီး ထုတ်သွားတာတွေ့ရတယ်။ ကျနော်တို့ကတော့ အဲလောက်များတဲ့ ငွေပမဏလည်း မပေးနိုင်ဘူးဆိုတော့ ထုတ်မလို့မရခဲ့ဘူး” လို့ ပြောပါတယ်။
စစ်တပ်ကတော့ မြို့ပေါ်မှာ အရပ်ဝတ်တွေဝတ်ဆင်ပြီး စစ်ဘက်သုံးကားတွေကို အသုံးမပြုဘဲ အရပ်သားစီးအိမ်သုံးကားတွေကိုအသုံးပြုကာ ပေါ်တာဆွဲနေပြီး ဖမ်းဆီးမိသူအားလုံးကို စစ်ကိုင်းမြို့တပ်မ ၃၃ ကို ပို့ဆောင်ပေးနေတာလို့လည်း သိရပါတယ်။
မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တပ်ရင်းမှူးတယောက်က “ပေါ်တာအဆွဲခံရတဲ့ လူငယ်လေးတွေအနေနဲ့ ကျနော်တို့နဲ့ အမြန်ဆက်သွယ်ပါ။ အခြေအနေပေးတာနဲ စစ်တပ်ကနေထွက်လာခဲ့ပါ။ လက်နက်ပါရင်တော့ ကျနော်တို့အနေနဲ့ ဆုကြေးပေးပါတယ်။ လက်နက်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ကျနော်တို့ဘက် အလင်းဝင်လာတဲ့ ဘယ်သူမျိုးမဆို အလုပ်အကိုင်အခွင့်လမ်းတွေ ဖန်းတီးပေးပါတယ်။ သူတို့စိတ်ဆန္ဒအရ ကျနော်တို့ ပြည်သူ့ကာကွယ်ရေးဘက် ဝင်ချင်တယ်ဆိုလည်း လက်ခံသလို မဝင်ချင်ဘူးဆိုလည်း ကျနော်တို့ခွင့်ပြုပြီး သူတို့သွားချင်တဲ့နေရာ ရောက်တဲ့အထိကူညီဆောင်ရွက်ပေးတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ကတော့ မုံရွာမြို့မှာသာမက စစ်တပ်စိုးမိုးထားတဲ့ တခြားမြို့တွေ အားလုံးမှာ လူငယ်တွေကို စစ်မှုထမ်းခိုင်းစေဖို့ ပေါ်တာဆွဲ ဖမ်းဆီးနေတယ်လို့လည်း သိရပါတယ်။


