
ရန်ကုန်တိုင်းမှာ ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရပြီးနောက် ကြံ့ခိုင်ရေးပါတီမဲဆွယ်ဆိုင်းဘုတ်ရှိရာ နေရာတွေမှာ ရဲတွေကို အရပ်ဝတ်နဲ့ လုံခြုံရေးချထားဖို့ နေပြည်တော်က နိုဝင်ဘာ ၁၂ ရက် ဒီနေ့ညနေမှာ အမိန့်ထုတ်လိုက်တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတွေက ပြောပါတယ်။
မနေ့က ကျောက်တန်းမြို့နယ်၊ ၁ ရပ်ကွက် ၂ ရပ် ကွက် ၃ ရပ်ကွက်နဲ့ ၄ ရပ်ကွက်မှာ စိုက်ထူထားတဲ့ ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်လောင်းရဲ့ ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရပြီးနောက် အငြိမ်းစားဗိုလ်ချုပ်ကြီး အောင်လင်းဒွေးဆီ စာရေးအကြောင်းကြားခဲ့တာကြောင့် နေပြည်တော် ကောင်စီကနေ အမိန့်ထုတ်ခဲ့တာလို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့သတင်းအရင်းအမြစ်က DVB ကိုပြောပါတယ်။
"မနေ့က ကြံ့ခိုင်ရေးကိုယ်စားလှယ်လောင်း ၄ ယောက်ရဲ့ ဗီနိုင်းဆိုင်းဘုတ်တွေကပ်တယ်။ ဒီနေ့မနက်ကျတော့ တခုမှမရှိတော့ဘူး အကုန်စုတ်ဖြဲသွားတယ်။ ဆိုင်းဘုတ်တင်တုန်းက ရဲကလုံခြုံရေးယူပေးပေမဲ့ အချိန်ပြည့်စောင့်မကြည့်နိုင်ဘူးလေ။ ပါတီဝင်တွေက စောင့်ကြည့်ရမှာ။ ဆိုင်းဘုတ်တွေဖျက်ဆီးခံရတဲ့ကိစ္စနဲ့ တိုင်းရဲတပ်ဖွဲ့က ဒီညနေပဲ စာပို့တယ်။ အရပ်ဝတ်နဲ့ ကြံ့ခိုင်ရေးဆိုင်းဘုတ်တွေနားမှာ လုံခြုံရေးယူပေးပါတဲ့။ သတင်းကြားတာတော့ ကိုယ်စားလှယ်ထဲ တယောက်က ဗိုလ်ချုပ်ကြီးအောင်လင်းဒွေးကို လှမ်းတိုင်တာလို့ ပြောနေကြတယ်။”
ကျောက်တန်းမြို့နယ်မှာ ဝင်ပြိုင်မယ့် ကြံ့ခိုင်ရေးပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်သီဟ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးနိုင်ဝင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ကိုယ်စားလှယ်လောင်းတွေဖြစ်တဲ့ ဒေါ်အေးမင်းမိုး(FPTP)စနစ်နဲ့ ဦမျိုးမြင့်(PR) စနစ်တို့ရဲ့ ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရတာလို့ မြို့ခံတွေဆီက သိရပါတယ်။
လတ်တလောမှာ ဆိုင်းဘုတ်ဖျက်ဆီးသူကို မမိပေမဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေက သန်လျင်မြို့မရဲစခန်းမှာ (ပ)၇ /၂၀၂၅ ရွေးကာဥပဒေပုဒ်မ ၂၄ (က)အမှုဖွင့်ထားတယ်လို့ Non CDM တယောက်က ပြောပါတယ်။
နိုဝင်ဘာ ၅ ရက်ကလည်း မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ကွမ်ရိုက်ကျေးရွာအုပ်ချုပ် ရေးမှူးရုံးရှေ့မှာ ကြံ့ခိုင်ရေးပါတီလွှတ်တော်ကိုယ်စားလှယ်လောင်း ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းရဲ့ ဆိုင်းဘုတ်ကို ဖျက်ဆီးခဲ့လို့ အမျိုးသားတယောက်ကို ရွေးကာဥပဒေပုဒ်မ ၂၆(က)၊၂၄ (က)နဲ့ အမှုဖွင့်ခဲ့ပါတယ်။
အလားတူပင် နိုဝင်ဘာ ၂ ရက်ကလည်း ကရင်ပြည်နယ်၊ ဘားအံမြို အမှတ် ၂ ရပ်ကွက် အုပ် ချုပ်ရေးမှူး ရုံးရှေစိုက်ထူထားတဲ့ ကြံ့ခိုင်ရေးလွှတ်တော်ကိုယ်စားလှယ်လောင်း ဝန်ကြီးချုပ်ဦး စောမြင့်ဦးရဲ့ မဲဆွယ်ဗီနိုင်းဖျက်ဆီးခံရပြီး လူငယ် ၂ယောက်ကို စစ်ကောင်စီက ဖမ်းဆီးပြီး ပုဒ်မ ၂၄ (က)အမှုဖွင့်ခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်လို့ ပြည်သူတွေဝိုင်းဝန်းကန့်ကွက်ရှုတ်ချကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေး အင်အားစုတွေက ထုတ်ပြန်ထားပါတယ်။


