
ကြံ့ခိုင်ရေးပါတီအပါအဝင် နိုင်ငံရေးပါတီတွေဆိုင်းဘုတ်တင်တဲ့နေ့နဲ့ ကိုယ်စားလှယ်လောင်းတွေ ဗီနိုင်းချိတ်တဲ့နေ့တွေမှာ စစ်တပ်နဲ့ရဲတွေ လုံခြုံရေးယူပေးဖို့ စစ်ကောင်စီတပ်က အမိန့်ထုတ်ထားတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်ကနေ သိရပါတယ်။
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ လှည်းကူး-တာဆုံလမ်းမပေါ်မှာ နိုဝင်ဘာ ၇ ရက် မနက်က တပ်ကျောထောက်နောက်ခံပေးထားတဲ့ ကြံ့ခိုင်ရေးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးခင်မောင်စိုး လူထုနဲ့တွေ့ဆုံပွဲလုပ်ခဲ့ရာ စစ်တပ်၊ ရဲ၊ ထောက်လှမ်းရေး၊ စရဖနဲ့ အုပ်ချုပ်ရေးအင်အား ၇၀ ကျော် လုံခြုံရေးယူပေးခဲ့ရတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့သတင်းအရင်းအမြစ်က ပြောပါတယ်။
"မနေ့က ဦးခင်မောင်စိုး လှည်းကူးမှာ မဲဆွယ်စည်းရုံးလုပ်တော့ ပြည်သူလူထုသိပ်မရှိဘူး။ အာဏာမသိမ်းခင်က မဲစာရင်းကိစ္စကို ဆန္ဒပြတဲ့ကြံ့ဖွတ်အုပ်စုရယ်၊ ရဲတွေရယ်၊ စစ်တပ်က လမ်းဘေးဝဲယာရယ်၊ မြို့မလမ်းဘက်မှာ ကင်းစောင့်တယ်။ ထောက်လှမ်းရေးက တာဆုံမှာစောင့် ပေးရတယ်၊ စရဖတွေက ပါတီဝင်တွေနဲ့ရောပြီး လိုက်ပေးရတယ်။ အုပ်ချုပ်ရေးကပွဲပြီးသွားရင် အန္တရာယ်ကင်းရှင်းကြောင်း စာတင်ပေးရမှာဆိုတော့ မပြီးမချင်းစောင့်ရတာ။ ပွဲပြီးသွားတော့ ကြံ့ခိုင်ရေးက ခရောင်ရွာဘုန်းကြီးကို ၁ သိန်းပေးသွားတယ်။ ပါတီဝင်တွေတော့ ဘယ်လောက်ပေးလဲ မသိဘူး။”
ကျောက်တံတားမြို့နယ်မှာလည်း ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ကိုယ်စားလှယ်လောင်း ဗီနိုင်းတင်တဲ့နေ့မှာ ရဲတွေနဲ့ ထောက်လှမ်းရေးက လုံခြုံရေးယူပေးရပြီး အုပ်ချုပ်ရေးက အန္တရာယ်ကင်းရှင်းကြောင်းစာတင်ပေးရတယ်လို့ Non CDM ဝန်ထမ်းက ပြောပါတယ်။
"ရွေးကောက်ပွဲကို လူထုက စိတ်မဝင်စားသလို၊ ပါတီကကိုယ်စားလှယ်လောင်းတွေကလည်း သူတို့ကိုယ်သူတို့ ယုံကြည်မှုမရှိဘူး။ ရွေးကောက်ပွဲမှာပါတဲ့မြို့တွေဆို မဲဆွယ်စည်းရုံးမယ့်နေ့တို့၊ ဗီနိုင်းတင်မယ့်နေ့တို့၊ ဆိုင်းဘုတ်တင်အခမ်းအနား အရမ်းစိတ်ညစ်ရတာ။ သူတို့အတွက် လူအကုန်ထုတ်သုံးရလို့ ပစ်ခတ်မှုဖြစ်ရင် ကြားထဲက ကိုယ့်လူတွေက အချောင်သေဦးမယ်။”
နိုင်ငံရေးပါတီတွေ မဲဆွယ်စည်းရုံးတာ၊ ဆိုင်းဘုတ်တင်တာ၊ ရုံးခန်းဖွင့်တာ၊ လူထုနဲ့တွေ့ဆုံတဲ့ကိစ္စတွေမှာ လုံခြုံရေးယူပေးဖို့ အောက်တိုဘာ ၃၁ ရက်မှာ ကာကွယ်ရေးဌာနက သူ့လက်အောက်ခံ စစ်တပ်နဲ့ ပြည်ထဲရေးက သူ့လက်အောက်ခံရဲ၊ ထောက်လှမ်းရေးနဲ့ စသုံးလုံးကို အမိန့်ပေးခဲ့တာလို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေကနေ သိရပါတယ်။
ဒီဇင်ဘာ ၂၈ ရက်မှာ စစ်တပ်ကပြုလုပ်မယ့် ရွေးကောက်ပွဲမှာ ၅၇ ပါတီဝင်ပြိုင်မှာဖြစ်ပြီး ကြံ့ခိုင်ရေးပါတီအပါအဝင် ၆ ပါတီက တနိုင်ငံလုံးအတိုင်းအတာနဲ့ဝင်ပြိုင်မှာဖြစ်သလို ကျန်တဲ့ ၅၁ ပါတီက ပြည်နယ်နဲ့တိုင်းအဆင့်မှာပဲ ပြိုင်မှာဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ကလုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်ပြီး ပြည်သူအားလုံး ဝိုင်းဝန်းဆန့်ကျင်ကန့်ကွက်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေး အင်အားစုတွေက ထုတ်ပြန်ထားပါတယ်။


