
ဂါနာနိုင်ငံ အက်ခရာမြို့တော်ရှိ အယ်လ်ဝါ့ခ် အားကစားကွင်းမှာ ပြုလုပ်ခဲ့တဲ့ စစ်မှုထမ်းစုဆောင်းရေး လေ့ကျင့်ခန်းတခုမှာ လူအုပ်ပြိုကျမှုကြောင့် လူ ၆ ယောက်ထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ဂါနာလက်နက်ကိုင်တပ်ဖွဲ့က နိုဝင်ဘာ ၁၂ ရက်မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
“ကနဦး စုံစမ်းစစ်ဆေးမှုတွေအရ မမျှော်လင့်ဘဲ များပြားလွန်းတဲ့ လျှောက်ထားသူတွေဟာ လုံခြုံရေး လုပ်ထုံးလုပ်နည်းတွေကို ချိုးဖောက်ပြီး သတ်မှတ်ထားတဲ့ စစ်ဆေးချိန် မနက် ၆ နာရီ ၂၀ မိနစ် မတိုင်ခင်မှာပဲ ဂိတ်တွေထဲကို အတင်းတိုးဝင် ပြေးသွားကြတဲ့အခါမှာ ကြေကွဲဖွယ်ကောင်းတဲ့ လူအုပ်ပြိုမှု ဖြစ်ပွားခဲ့ရပါတယ်” လို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
ဒီဖြစ်ရပ်ကြောင့် စစ်သားသစ် ၆ ယောက် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်းနဲ့ ဒဏ်ရာရရှိသူတွေဟာ ဂါနာနိုင်ငံ၊ အမှတ် ၃၇ စစ်ဆေးရုံမှာ အရေးပေါ် ဆေးကုသမှု ခံယူနေတယ်လို့ ဆိုပါတယ်။
ဂါနာဆေးတပ်ဟာ ထိခိုက်ခံရသူတွေကို တည်ငြိမ်အောင် မနားမနေ လုပ်ဆောင်နေကြောင်းနဲ့ တချိန်တည်းမှာပဲ ရောဂါခံစားနေရသူတွေကို မိသားစုတွေဆီ အကြောင်းကြားဖို့ စီစဉ်နေတယ်လို့ ဖော်ပြထားပါတယ်။
သေဆုံးသူတွေရဲ့ မိသားစုတွေအတွက် အလွန်ဝမ်းနည်းကြောင်း ပြောကြားခဲ့ပြီး ဒဏ်ရာရရှိသူတွေလည်း အမြန်ဆုံး ပြန်လည်ကောင်းမွန်လာစေဖို့ ဆုမွန်ကောင်း တောင်းထားပါတယ်။
လူအုပ်ပြိုမှုမှ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ အသက် ၂၁ နှစ်အရွယ် ကာလက်ဘ် ဘွာတန်က နိုဝင်ဘာ ၁၃ ရက်မှာ အခင်းဖြစ်ပွားရာနေရာကို ပြန်ရောက်လာခဲ့ပြီး ဂိတ်တွေကို ဖွင့်လှစ်လိုက်ချိန်မှာ လူတွေပြေးလွှားနေကာ မေ့လဲကျသူတွေ၊ သေဆုံးမှုတွေ ဖြစ်ကြတဲ့ ရုတ်ရုတ်သဲသဲမြင်ကွင်းတွေကို ပြန်ပြောပြပါတယ်။
လူနာတင်ယာဉ်တွေက ထိခိုက်ဒဏ်ရာရသူတွေကို ဆေးရုံကို ပို့ဆောင်ပေးခဲ့ပေမဲ့ တချို့ကို မကယ်တင်နိုင်ခဲ့ဘူးလို့ ဆိုပါတယ်။
အခု စစ်သားစုဆောင်းရေး လှုပ်ရှားမှုမှာ စီစဉ်မှု ညံ့ဖျင်းကြောင်းလည်း ဝေဖန်လိုက်ပြီး လေတပ်၊ ရေတပ်နဲ့ ကြည်းတပ် ၃ ခုစလုံးအတွက် စာရွက်စာတမ်းအားလုံးကို စကင်န်ဖတ်သူက တယောက်တည်းသာရှိပြီး ကျန်တဲ့ကိစ္စတွေကိုလည်း သူတယောက်တည်းပဲ လုပ်ပေးနေတာ ဖြစ်ကြောင်း၊ ဒါကြောင့် ကိုယ်သွားရမယ့် တပ်ဖွဲ့အမျိုးအစားအလိုက် အုပ်စုဖွဲ့ပေးသင့်ပါတယ်လို့ အာဏာပိုင်တွေကို ပြောချင်ကြောင်းလည်း ကာလက်ဘ် ဘွာတန်က ပြောပါတယ်။
Source: Reuters


