Home
မြန်မာသတင်း
စစ်မှုထမ်းပြီးသူများ ပြည်ပထွက်လုပ်ကိုင်လိုပါက အလုပ်ရှာပေးမည်ဟု စစ်ကောင်စီမက်လုံးပေး
DVB
·
November 8, 2025

စစ်မှုထမ်းသက်တမ်းပြည့်သွားသူတွေကို သူတို့ ဆန္ဒပြုတဲ့ ပြည်ပထွက်လုပ်ကိုင်လိုတဲ့အလုပ် ရှာပေးသွားမယ်လို့ စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်က ပြောပါတယ်။

စစ်ကောင်စီက ဖွဲ့စည်းပေးထားတဲ့ စစ်မှုထမ်းပြီးသူတွေအတွက် ပြည်ပအလုပ်အကိုင် ခန့်အပ်ပေးနိုင်ရေး လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ဒုဝန်ကြီး ဦးဝင်းရှိန်က ပြောသွားတာပါ။

စစ်မှုထမ်းခဲ့သူတွေ ပြည်ပနိုင်ငံတွေဆီ သွားရောက်လုပ်ကိုင်ချင်ရင် ဆန္ဒပြုတဲ့အလုပ်အကိုင်တွေ ရှာဖွေပေးတာ၊ အလုပ်အကိုင်လိုအပ်တဲ့ လုပ်သားစာရင်းနဲ့ အလုပ်အကိုင်ဆိုင်ရာ အချက်အလက်တွေကို စာရင်းပြုစုတာ၊ စိစစ်ရွေးချယ်တာ၊ ပြည်ပအလုပ်အကိုင် အေဂျင်စီတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ပေးတာမျိုးတွေ စီစဉ်ဆောင်ရွက်ပေးနိုင်အောင်လုပ်သွားဖို့ ဦးဝင်းရှိန်က ပြောသွားတာလို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

စစ်မှုထမ်းလိုသူတွေ ပေါ်ထွက်လာအောင်နဲ့ လက်ရှိစိတ်ဆန္ဒမပါဘဲ စစ်မှုထမ်းနေသူတွေကို ဆက်ပြီးလုပ်ချင်အောင် မက်လုံးပေး၊ ဆွဲဆောင်တဲ့အနေနဲ့ ပြောတာဖြစ်ပြီး လက်တွေ့လုပ်ပေးနိုင်မယ်မထင်ဘူးလို့ စစ်မှုထမ်းဟောင်းတယောက်က ပြောပါတယ်။

“စစ်မှုထမ်းကာလပြည့်လို့ အသာတကြည်ထွက်ခွင့် အရင်ရပါစေဦး။ နှစ်တွေအကြာကြီး စစ်မှုထမ်းခဲ့သူတွေကိုတောင် လောက်လောက်လားလား လုပ်မပေးတာ၊ မက်လုံးပေးပြောရုံသက်သက်ပဲဆိုတာ အသိသာကြီး။”

လက်ရှိမှာ စစ်ကောင်စီက စစ်မှုထမ်းအသက်ထဲ အကျုံးဝင်တဲ့ အမျိုးသားတွေကို ပြည်ပထွက် အလုပ်လုပ်ခွင့်ပိတ်ထားပြီး စစ်မှုထမ်းပြီး သူပဲ သွားလုပ်ခွင့်ပေးမဲ့ အစီအစဥ်ကို ကျင့်သုံးတာမျိုး လုပ်နိုင်တယ်လို့လည်း ပြည်ပအလုပ်အကိုင်အေဂျင်စီလုပ်ငန်းရှင်တချို့က သုံးသပ်ပါတယ်။

ဆက်လက်ပြီး ဦးဝင်းရှိန်က စစ်မှုထမ်းခဲ့တဲ့ ပြည်တွင်းအလုပ်အကိုင် ဆန္ဒပြုသူတွေအတွက် အလုပ်ခန့်ထားနိုင်အောင်လည်း အလုပ်အကိုင်နဲ့ အလုပ်သမားရှာဖွေရေးရုံးတွေမှာ အလုပ်ရှင်တွေဆီက ပေးပို့ထားတဲ့ အလုပ်အမျိုးအစားတွေထဲက ကာယကံရှင်နဲ့ကိုက်ညီတဲ့ အလုပ်အကိုင်တွေကို ရွေးချယ်လုပ်ကိုင်စေတာမျိုး ဆောင်ရွက်ပေးမယ်လို့ ဆိုပါတယ်။

ပြည်တွင်းမှာ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးနေတာကြောင့် အလုပ်လက်မဲ့ဖြစ်နေရသူ များပြားနေချိန်မှာ စစ်မှုထမ်းပြီးသူတွေအတွက် အလုပ်ရှာပေးမယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်နေသူတွေက ပြောပါတယ်။

စစ်ကောင်စီက စစ်သားအင်အား လိုအပ်ချက်ကြောင့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ နှစ်ဆန်းမှာ အသက်သွင်းခဲ့ပြီး စစ်မှုထမ်းသင်တန်း ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

သင်တန်းတပတ်စဥ်ကို စစ်မှုထမ်းအင်အား ၅,၀၀၀ နှုန်းနဲ့ ဖွင့်ခဲ့တာဖြစ်ပြီး စိတ်လိုလက်ရနဲ့ စစ်မှုထမ်းသူမရှိသလောက်ဖြစ်ပြီး အများစုမှာ စစ်မှုထမ်းဖို့ အတင်းအဓမ္မဆင့်ခေါ်တာ၊ ပေါ်တာဆွဲပြီး စစ်မှုထမ်းခိုင်းတာမျိုးနဲ့ အင်အားစုဆောင်းခဲ့တာလို့ စစ်ရေးသတင်းအရင်းအမြစ်တွေက ပြောပါတယ်။

စစ်မှုထမ်းသက်တမ်းကို ၂ နှစ်သက်မှတ်ထားပြီး လက်ရှိအချိန်အထိ အင်အား ၆၀,၀၀၀ လောက် စုဆောင်းထားနိုင်ပေမဲ့ တော်လှန်ရေးအင်အားစုတွေဘက် ထွက်ပြေးခိုလှုံတာ၊ ရှေ့တန်းမှာ သေဆုံး၊ ဒဏ်ရာရတာ စတာတွေကြောင့် အင်အားဆုံးရှုံးမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013