
စစ်မှုထမ်းအပတ်စဥ်တွေထဲမှာ တီဘီရောဂါဖြစ်နေသူ၊ ဆီးချိုရောဂါ၊ ဂေါက်ရောဂါနဲ့ လိပ်ခေါင်းဖြစ်နေသူတွေကို နေအိမ်ပြန်ဆေးကုသဖို့ လမ်းစရိတ် ၂ သိန်းပြီး တပ်ထဲကထုတ်ဖို့ စီစဥ်နေတယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။
“အိမ်ကသွားတုန်းက ကျန်းမာတယ်၊ ရှေ့တန်းထွက်တော့ မစားရမသောက်ရ နဲ့ ဆီးချုပ်၊ ဝမ်းချုပ်ဖြစ်ပြီး လိပ်ခေါင်းရောဂါရသွားတာ။ ထိုင်နေရင်း သွေးတွေကျလို့ ရှေ့တန်းကပြန်ခေါ်ပြီး လက်ရုံးတပ်ကို ပို့တယ်။ အဲမှာလည်း အခြေအနေမကောင်းတော့ အိမ်ပြန်ပို့တာ။ စစ်မှုထမ်းက ၄ လပိုင်းမှပြည့်မှာ၊ တပ်က ဆေးမကုပေးချင်လို့ လမ်းစရိတ် ၂ သိန်းပေးပြီး အိမ်ပြန်ပို့တာ။ ဘယ်ရက် အိမ်ပြန်ရောက်မလဲမသိဘူး။ ကျန်းမာရေးမကောင်းတဲ့သူတွေက ဆက်ပြီး တာဝန်ထမ်းဆောင်ရတယ်။”
စစ်မှုထမ်းအပတ်စဥ် ၁ ကနေ ၄ အထိ ရန်ကုန်တိုင်းကနေ စုဆောင်းခံခဲ့ရတဲ့ တပ်သားသစ်တွေထဲမှာ ရောဂါဖြစ်နေတဲ့သူတွေကို တပ်ကမိသားစုနဲ့ဆက်သွယ်ပြီး နေအိမ်ကိုပြန်ခေါ်ကာ ဆေးကုသဖို ကြေးနန်းစာပို့ခဲ့တယ်လို့ လှည်းကူးမြို့ခံတယောက်က DVB ကို ပြောပါတယ်။
“တပ်က စစ်မှုထမ်းသက်ကို လျှော့ပေါ့ပေးလိုက်ပြီး ဒီဇင်ဘာလထဲမှာ လာခေါ်ဖို့ စစ်တပ်က မြို့နယ်ကတဆင့် အကြောင်းကြားတယ်။ တပ်ကိုရောက်တော့ ကလေးက တီဘီဖြစ်နေတာ၊ လူရုပ်တောင်မပေါက်လို့ ကိုယ့်တောင်မမှတ်မိဘူး။ အလုပ်စီစဥ်ပေးမယ်ပြောတယ်၊ တီဘီဖြစ်ပြီး သေတော့မယ့်သူကို ဘယ်သူက အလုပ်ခန့်မှာလဲ။ အဲဒါနဲ့ ဌာနမှူးကို ဒီလကုန်ပဲ ခေါ်မယ်လို့ အကြောင်းကြားခဲ့ရတယ်။”
ရောဂါဖြစ်နေတဲ့ စစ်မှုထမ်းတွေကို မိသားစုဝင်တွေက (အမျိုးသားစစ်မှုထမ်းစစ်အခြေခံသင်တန်းဌာန) ဌာနမှူးကတဆင့် ပြန်လည်ခေါ်ယူရမှာဖြစ်ပြီး လမ်းစရိတ်ထောက်ပံကြေး ၂ သိန်းနဲ့ စစ်မှုထမ်းပြီးဆုံးကြောင်းစာရွက်ကို တပ်ကထုတ်ပေးမှာလို့ စစ်မှုထမ်းဆင့်ခေါ်ရေးနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
စစ်မှုထမ်းအပတ်စဥ် ၁၆ ကို နိုဝင်ဘေ ၁၃ ရက်က ပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာရှိတဲ့ စစ်သင်တန်းကျောင်း ၂၇ ကျောင်းမှာ သင်တန်းဖွင့်ပွဲ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
စစ်ခေါင်းဆောင်က ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်က လူတိုင်း မဖြစ်မနေစစ်မှုထမ်းရမယ့် ဥပဒေကို ပြန်လည်အသက်သွင်းခဲ့ပြီး မတ် ၂၈ ရက်မှ စတင်သင်တန်းပေးခဲ့ရာ အခုဆို အပတ်စဥ် ၁၉ အထိ ရောက်လာပြီဖြစ်ပါတယ်။


