
အင်္ဂလန်အသင်းဟာ အာဆင်နယ် တောင်ပံကစားသမား ဘူကာရိုဆာကာ ခြေစွမ်းပြမှုနဲ့အတူ ဆားဘီးယားကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး ရာနှုန်းပြည့် နိုင်ပွဲဆက်ခဲ့ပါတယ်။
ဒီပွဲမတိုင်ခင်ကတည်းက ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ပြီးဖြစ်တဲ့ အင်္ဂလန်အသင်းဟာ တိုက်စစ်မှူး ဟယ်ရီကိန်း အပါအဝင် ဆာကာ၊ ရက်ရှ်ဖို့ဒ်၊ ရိုက်စ်တို့လို အမာခံတွေကို ပွဲထွက်ကစားခဲ့ပေမဲ့ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ ဘယ်လင်ဂမ်ကို အရန်ခုံပိုခဲ့ပြီး ဗီလာကြယ်ပွင့် မော်ဂန်ရော်ဂျာကို ပွဲထွက်စေခဲ့တာပါ။
ပွဲချိန်တလျှောက်လုံး အင်္ဂလန်အသင်းက ထိန်းချုပ်စိုးမိုးကစားနိုင်ခဲ့ပြီး တိုက်စစ်ပိုင်းက အဆုံးသတ် မသေချာလို့သာ ၂ ဂိုးတည်းနဲ့ ကျေနပ်ခဲ့ရတာပါ။
အင်္ဂလန်အတွက် ဦးဆောင်ဂိုးကို ပွဲချိန် ၂၈ မိနစ်မှာ ဆာကာက သွင်းယူခဲ့ပြီး ဒုတိယဂိုးကိုတော့ လူစားဝင်ကစားသမား အက်ဘာရက်ချီအက်ဇေးက ပွဲပြီးခါနီးမှာ သွင်းယူသွားတာပါ။
ဆားဘီးယားအတွက်တော့ ဒီပွဲအရှုံးကြောင့် ပလေးအော့ဖ်တနေရာ မျှော်လင့်ချက် ကုန်ဆုံးသွားခဲ့ရပြီး အယ်လ်ဘေးနီးယားက ပလေးအော့ဖ်ကစားခွင့် ရယူနိုင်ခဲ့ပါတယ်။


