
ဆားဘီးယားထိပ်တန်းလိဂ်ပွဲစဉ်အတွင်း အသက် ၄၄ နှစ်အရွယ် ဘော့စနီးယားနည်းပြ ကွင်းဘေးမှာ လဲကျသေဆုံးသွားခဲ့လို့ ပွဲကို ဖျက်သိမ်းခဲ့ရပြီး ကစားသမားတွေနဲ့ တာဝန်ရှိသူတွေ ဝမ်းနည်းကြေကွဲခဲ့ကြပါတယ်။
ဆားဘီးယားနိုင်ငံရဲ့ ထိပ်တန်းဘောလုံးလိဂ်ပြိုင်ပွဲတခုအတွင်းမှာ FK Radnicki 1923 အသင်းရဲ့ နည်းပြဖြစ်သူ မလာဒန် ဇီဇိုဗစ်ချ်ဟာ ရုတ်တရက် လဲကျသေဆုံးသွားခဲ့တဲ့အတွက် ပွဲကို ဖျက်သိမ်းခဲ့ရတာပါ။
နိုဝင်ဘာ ၃ ရက်က Mladost Lucani အသင်းနဲ့ ယှဉ်ပြိုင်ကစားနေစဉ် အသက် ၄၄ နှစ်အရွယ် နည်းပြ ဇီဇိုဗစ်ချ်ဟာ ကွင်းဘေးမှာ လဲကျသွားခဲ့ပြီး ဆေးရုံကို ပို့ဆောင်ခဲ့ရပါတယ်။
ပွဲကို ဆက်လက်ကစားခဲ့ပေမဲ့ ပထမပိုင်းမပြီးခင်မှာဘဲ သူ့ရဲ့သေဆုံးမှုသတင်း ကွင်းအတွင်းကို ရောက်ရှိလာခဲ့တာကြောင့် ပွဲကို ချက်ချင်းရပ်နားခဲ့ရပါတယ်။
ဒီသတင်းကြောင့် အသင်းနှစ်သင်းလုံးရဲ့ ကစားသမားတွေနဲ့ တာဝန်ရှိသူတွေဟာ အလွန်အမင်း ဝမ်းနည်းကြေကွဲခဲ့ကြပြီး မျက်ရည်ကျခဲ့ကြပါတယ်။
ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနား နိုင်ငံတကာကစားသမားဟောင်းဖြစ်သူ ဇီဇိုဗစ်ချ်ဟာ FK Radnicki 1923 အသင်းရဲ့ နည်းပြအဖြစ် အောက်တိုဘာ ၂၃ ရက်ကမှ စတင်တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။
သူ့ရဲ့ကလပ်အသင်းက ထုတ်ပြန်ချက်တခုမှာ ဇီဇိုဗစ်ချ်ဟာ ကလပ်အတွက် အလွန်ကောင်းတဲ့ ပညာရှင်တယောက်သာမက လူကောင်းတယောက်၊ သူငယ်ချင်းကောင်းတယောက် ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနား ဘောလုံးအဖွဲ့ချုပ်ကလည်း သူ့ရဲ့ကွယ်လွန်မှုဟာ ဘောလုံးလောကအတွက် တကယ့်ဘောလုံးပညာရှင်တယောက်ကို ဆုံးရှုံးလိုက်ရတာ ဖြစ်တယ်လို့ ပြောပါတယ်။
ဆားဘီးယား ဘောလုံးအဖွဲ့ချုပ်နဲ့ Red Star Belgrade အပါအဝင် ထိပ်တန်းကလပ်အသင်းတွေကလည်း သူတို့ရဲ့ “အနက်ရှိုင်းဆုံး ဝမ်းနည်းကြောင်း” ကို ထုတ်ဖော် ပြောကြားခဲ့ကြပါတယ်။
Source: BBC


