
ကာလရှည်မိုးခေါင်မှုနဲ့ အပူရှိန်ကြောင့် ဆားဘီးယားနိုင်ငံ အရှေ့တောင်ပိုင်း တောင်တန်းတွေက ရွာသားတွေနဲ့ တိရစ္ဆာန်တွေ ထိခိုက်ခဲ့ပြီး ကောက်ပဲသီးနှံတွေ ပျက်စီးခဲ့သလို မွေးမြူရေး တိရစ္ဆာန်တွေလည်း စပြီး သေဆုံးနေပါတယ်။
မေလကစပြီး မိုးရွာတာနည်းလို့ ရေရှားပါးနေတဲ့အတွက် တောမီးတွေ လောင်ကျွမ်းခဲ့ပါတယ်။
မွန်တီနီဂရိုး၊ ဘော့စနီးယား၊ အယ်လ်ဘေးနီးယား၊ ကိုဆိုဗိုနဲ့ မြောက်မက်ဆီဒိုးနီးယား နိုင်ငံတို့ ပါတဲ့ အနောက်ဘော်လ်ကန်ဒေသတလျှောက် စိုက်ပျိုးရေးလုပ်ငန်းတွေ အနှောင့်အယှက် ဖြစ်ခဲ့ပါတယ်။
ဆားဘီးယားနိုင်ငံ ဆူဗာပလာနီနာ ခြောက်သွေ့တောင်တန်းမှာ နွေရာသီ စားကျက်အတွက် နွားတွေ မြင်းတွေကို ခေါ်သွားတဲ့ ပိုင်ရှင်တွေက စမ်းရေတွင်းတွေ အခုနှစ်အစောပိုင်းမှာ ခန်းခြောက်သွားပြီလို့ ပြောပါတယ်။
“ရေတစက်မှ မရှိဘူး၊ တိရစ္ဆာန်တွေ သေစပြုနေပြီ” လို့ အနားက ဂဒ်ဇင်ဟန်မြို့က နွားထိန်းသူက ပြောပါတယ်။
ရေငတ်နေတဲ့ နွားတွေနဲ့ မြင်းကောင်ရေ ၁,၀၀၀ လောက်ဟာ ရေဖြည့်ထားတဲ့ တွင်းတွေနဲ့ စမ်းချောင်းတွေဘေးမှာ ရှိနေပြီး ဗွက်အိုင်တွေက ညစ်ပတ်နေတဲ့ ရေတွေကို သောက်နေရပါတယ်။
ဆားဘီးယားနိုင်ငံမှာ သြဂုတ် ၁၂ ရက်ရဲ့ အပူချိန်ဟာ ၉၅ ဒီဂရီဖာရင်ဟိုက် ဝန်းကျင်မှာရှိနေပြီး တောမီးတွေ အကြီးအကျယ် လောင်ကျွမ်းခဲ့ပါတယ်။
ဇူလိုင်လနှောင်းပိုင်းမှာ နွားပိုင်ရှင်တွေက သတိပေး တပ်လှန့်ထားလို့ ဒေသအာဏာပိုင်တွေက ဆူဗာ ပလာနီနာ စားကျက်နေရာဆီ ရေတင်ကားတွေ မောင်းနှင်လာပြီး ရေကန်ကို ရေဖြည့်ရင်း နောက်ထပ် ရေတွေပို့ဖို့ ကတိပြုခဲ့ပါတယ်။
အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ နီကိုလာ မန်နိုဗိုဗစ် ကတော့ ပြည်နယ်အစိုးရက ရေပိုဝေပေးဖို့ မျှော်လင့်ကြောင်း ပြောပြီး ချိုင့်ဝှမ်းထဲက ကျေးရွာတွေမှာလည်း မိုးခေါင်ရေရှားမှုဒဏ်ကို ခံစားနေရတယ်လို့ သတိပေးခဲ့ပါတယ်။ ပြောင်းဖူးတွေ ခြောက်သွားပြီ၊ ရွာမှာ ရေမရှိတာ သုံးလရှိပြီလို့ သူက ပြောပါတယ်။
ဆားဘီးယားမှာ အခုလနှောင်းပိုင်းမှာ မိုးရွာသွန်းနိုင်တဲ့ ရာသီဥတု ရှိနိုင်တယ်လို့ မိုးလေဝသ ပညာရှင်တွေက ပြောပေမဲ့ ကျွဲနွားတွေ သောက်သုံးဖို့လိုတဲ့ မြစ်ငယ်တွေ၊ ရေကန်တွေနဲ့ ချောင်းငယ်တွေကို ပြန်ဖြည့်တင်းဖို့တော့ မလုံလောက်သေးပါဘူး။
Source: Reuters


