Home
နိုင်ငံတကာ
တရုတ်တွင် မိုးခေါင်ပြီး ခြောက်သွေ့မှုကြောင့် ဂျုံစိုက်တောင်သူများ ရုန်းကန်နေရ
DVB
·
June 5, 2025
Photo: REUTERS/Florence Lo

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း၊ ရှန်းရှီးပြည်နယ်က ကျော်ကြားတဲ့ တာရာကော့တာ စစ်သူရဲကောင်းများ ဗိမာန်ကနေ တနာရီကြာ ခရီးအကွာအဝေးမှာရှိတဲ့ လယ်ကွင်းတွေဟာ မိုးခေါင်မှုကြောင့် ခြောက်သွေ့နေပြီး ဂျုံစိုက်တောင်သူတွေအတွက် အထွက်နှုန်းကောင်းဖို့ မျှော်လင့်ချက်တွေလည်း အမြန်ပျောက်ကွယ်နေပါတယ်။

“ပြီးခဲ့တဲ့ ဆောင်းရာသီကနေ အခုအချိန်အထိ မိုးမရွာသေးဘူး” လို့ ဒေသခံတောင်သူ ကျိုးယဖျင်က ပြောပါတယ်။

တရုတ်နိုင်ငံရဲ့ ကောက်ပဲသီးနှံစိုက်ပျိုးမှု ၄ ပုံ ၁ ပုံရှိတဲ့ ဂျုံစိုက်ပျိုးရာ ခါးပတ်လမ်းဒေသ အစိတ်အပိုင်းတွေ အထူးသဖြင့် ရှန်းရှီးနဲ့ ဟီနန်ပြည်နယ် အလယ်ပိုင်းမှာ အပြင်းအထန် မိုးခေါင်ရေရှားနေတာပါ။

ပြီးခဲ့တဲ့လက ရှန်းရှီးပြည်နယ်မှာ စတင် မှတ်တမ်းပြုစုတဲ့ ၁၉၆၁ ခုနှစ်ကစပြီး ခုချိန်အတွင်း မိုးခေါင်မှု စံချိန်တင်ခဲ့ပါတယ်။

မြေဆီလွှာတွေ ပပ်ကြားအက်လာခဲ့ပြီး  ဂျုံနှံတွေ မရင့်မှည့်မီ လောင်မြိုက်စေတဲ့အထိ ပူခဲ့ပါတယ်။

ဒေသတွင်းက လယ်သမားနဲ့ ကောက်ရိတ်သူ တဒါဇင်ကျော်က ဆုံးရှုံးတာတွေအကြောင်း ပြောခဲ့ပြီး တချို့ကတော့ တဝက်လောက်အထိ အထွက်နှုန်း ကျသွားတယ်လို့ ရိုက်တာ သတင်းဌာနကို ပြောပါတယ်။ တရားဝင် ကိန်းဂဏန်းတွေကို ထုတ်ပြန်ဖို့ သီတင်း ၆ ပတ်လောက် ကျန်ရှိပါသေးတယ်။

ပြည်နယ်ရဲ့ တချို့နေရာတွေမှာ မိုးခေါင်ရေရှားမှု ဆိုးရွားလွန်းလို့ လယ်သမားတွေက သီတင်းတပတ်အတွင်း ရိတ်သိမ်းခဲ့ရတာပါ။ မကြာသေးမီရက်တွေအတွင်း မိုးရွာလာခဲ့ပေမဲ့ စောင့်တဲ့သူတွေအတွက် ရိတ်သိမ်းတာကို အနှောင့်အယှက် ဖြစ်စေခဲ့ပါတယ်။

မေ ၃၀ ရက်အထိ ဟီနန်ပြည်နယ်မှာ ဂျုံသီးနှံရဲ့ ၆၀ ရာခိုင်နှုန်း၊ ရှန်းရှီးပြည်နယ်မှာ ၂၀ ရာခိုင်နှုန်းကျော် ရိတ်သိမ်းပြီးပြီလို့ နိုင်ငံပိုင်သတင်းအေဂျင်စီ ဆင်ဟွာက ဖော်ပြခဲ့ပါတယ်။

ဒီနှစ်မှာ ဧက တမူးကို ယွမ်ငွေ ၂၀၀ ဆုံးရှုံးတယ်လို့ ဒေသခံ ကျိုးက ပြောပါတယ်။ အနားက စန်းယွမ်ခရိုင်မှာရှိတဲ့ အဓိက ရေလှောင်ကန်တခုမှာ ကြမ်းပြင်က မေလနှောင်းပိုင်းမှာကတည်းက ပပ်ကြားအက်နေခဲ့ပါတယ်။

၅၆ မိုင် ဝေးတဲ့ ဆီဒင်းရွာမှာ တောင်ကုန်းမြေက ဆည်မြောင်းအတွက် မသင့်လျော်လို့ လယ်သမားတွေက မိုးကို မှီခိုနေရပါသည်။

“လူတွေက သောက်ဖို့ရေတောင် မလောက်ဘူး။ စိုက်ဖို့ရေ ဘယ်သူရမလဲ” လို့ ဒေသခံ တောင်သူတယောက်က ပြောပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013