
စံချိန်တင် အပြင်းထန်ဆုံး အပူလှိုင်းနဲ့ကြုံတွေ့နေရတဲ့ ဆားဘီးယားနိုင်ငံက လယ်သမားတွေက မိုးခေါင်တာ၊ ကောက်ပဲသီးနှံတွေ သေဆုံးတာနဲ့ ရေအရင်းအမြစ်တွေ လျော့နည်းလာတာတို့ကို ရင်ဆိုင်နေရလို့ နိုင်ငံရဲ့ စိုက်ပျိုးရေးကဏ္ဍအတွက် အဆိုးဆုံးနှစ်တွေထဲက တခုဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။
ဆားဘီးယားနိုင်ငံမှာ လတ်တလော အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ထိ မြင့်တက်လာပြီး တလကျော်ကြာ မိုးမရွာလို့ ပူလောင်အိုက်စပ်နေတာပါ။
မိုးခေါင်ရေရှားမှုဒဏ်ကြောင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍမှာ ပျက်စီးဆုံးရှုံးတာတွေကို ကြုံတွေ့နေရပါတယ်။
နိုင်ငံတဝန်းက တောင်သူလယ်သမားတွေဟာလည်း သီးနှံတွေ ပျက်စီးကုန်ပြီး တိရစ္ဆာန်တွေပါ ထိခိုက်ခံစားနေကြရတာကို စောင့်ကြည့်နေရပါတယ်။
ဆားဘီးယားနိုင်ငံ အလယ်ပိုင်း အယ်လ်ရန်ဒေလာဗက်ခ်မြို့ ဝန်းကျင်က တောင်ကုန်းတွေလည်း ခြောက်သွေ့နေတာပါ။
ဒေသန္တရ စပျစ်ခြံတခုမှာ လယ်သမားတွေက အရင်လတွေအတွင်းက စိုက်ပျိုးထားတဲ့ စပျစ်နွယ်ပင်လေးတွေကို ကယ်ဖို့ အပြင်းအထန် အားထုတ်တဲ့အနေနဲ့ ရေတွင်းတွေကနေ ရေတွေကို ကိုယ်တိုင်သယ်ယူခဲ့ကြပါတယ်။
မြို့ခံ တောင်သူ ဒီဟန်ရာဒိုဗစ်က “ပြီးခဲ့တဲ့နှစ်က ရေနဲ့ပတ်သက်ပြီး ခက်ခဲတယ်၊ ဒီနှစ်က ပိုဆိုးတယ်လို့ ထင်ရတယ်။ ကျနော်တို့ ဒေသမှာ ရက်ပေါင်း ၄၀ နီးပါး မိုးမရွာဘူး” လို့ ပြောပါတယ်။
လယ်သမားတွေရဲ့ အစီရင်ခံစာအရ ရိတ်သိမ်းမှုဟာ ပုံမှန်နှစ်တွေနဲ့ နှိုင်းယှဉ်ရင် ထက်ဝက်လောက် ကျဆင်းသွားခဲ့တာပါ။
လွန်ခဲ့တဲ့ ဆယ်စုနှစ် အနည်းငယ်တုန်းက လယ်သမားတွေက အပူချိန် ၃၀ ဒီဂရီစင်တီဂရိတ်ထက် သာလွန်ရင် ပူပြင်းတဲ့နွေနေ့လို့ သတ်မှတ်ခဲ့ကြပေမဲ့ အခုရက်တွေအတွင်း အပူချိန်က ၄၀ ဒီဂရီ စင်တီဂရိတ် ၀န်းကျင်လောက် ရှိနေခဲ့တာပါ။
မုယောစပါးနဲ့ နေကြာလို ကောက်ပဲသီးနှံတချို့ အခြေအနေ ပိုကောင်းလာပေမဲ့ ထပ်ခါတလဲလဲ ရောက်လာမယ့် အပူလှိုင်းတွေက ဆားဘီးယားရဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေ ဒေဝါလီခံရဖို့ တွန်းအားပေးနေတယ်လို့ လယ်သမားအများအပြားက သတိပေးခဲ့ပါတယ်။
Source: Reuters


