
အင်္ဂလန်တိုက်စစ်မှာ ဟယ်ရီကိန်း၊ ဘယ်လင်ဂမ်နဲ့ ဖိုဒမ်တို့ ၃ ယောက်ကို တပြိုင်နက်တည်း တွဲဖက်အသုံးပြုမှာ မဟုတ်ကြောင်း နည်းပြ သောမက်စ်တူဟယ်က ပြောပါတယ်။
ဘယ်လင်ဂမ်နဲ့ ဖိုဒမ်တို့က ကွင်းလယ်တိုက်စစ်မှာ ကစားသူတွေဖြစ်ပြီး ဟယ်ရီကိန်းနဲ့ တွဲဖက် အသုံးပြုမယ်ဆိုရင် အသင်းရဲ့ဟန်ချက်ကို ထိခိုက်နိုင်သလို လက်ရှိအသင်းရဲ့ တည်ဆောက်ပုံအရလည်း ၃ ယောက်စလုံး တွဲဖက်အသုံးပြုလို့မရကြောင်း နည်းပြတူဟယ်က ပြောပါတယ်။
အသင်းရှိ တောင်ပံကစားသမားတွေဟာလည်း သူ့နေရာနဲ့သူ အကောင်းဆုံးစွမ်းဆောင်ရည် ပြသနေတာကြောင့် အသင်းရဲ့တည်ဆောက်ပုံအရ ကျောနံပါတ် ၆၊ ၈၊ ၁၀ နဲ့ ၉ နေရာတွေမှာ တယောက်ချင်းစီ အသုံးပြုလို့ အဆင်ပြေကြောင်း နည်းပြတူဟယ်က ပြောပါတယ်။
အင်္ဂလန်အသင်းမှာ ဘယ်လင်ဂမ်နဲ့ ဖိုဒမ်အပြင် ချဲလ်ဆီးကွင်းလယ်ကစားသမား ကိုးလ်ပါလ်မာ ပြန်လည်ပါဝင်လာမယ်ဆိုရင် နည်းပြတူဟယ်အတွက် ပိုပြီး ခေါင်းခဲစရာဖြစ်လာနိုင်ကြောင်း မီဒီယာတွေက ခန့်မှန်းသုံးသပ်ကြပါတယ်။


