Home
မြန်မာသတင်း
တောင်ကိုရီးယားဆိုင်ရာ စစ်ကောင်စီ သံအမတ်အဖြစ် ပြန်ကြားရေးအတွင်းဝန်ဟောင်းကို ခန့်အပ်
DVB
·
November 13, 2025

တောင်ကိုရီးယားနိုင်ငံဆိုင်ရာ စစ်ကောင်စီလက်အောက်ခံ မြန်မာသံရုံးရဲ့ သံအမတ်နေရာကို ပြန်ကြားရေးဝန်ကြီးဌာနမှာ အမြဲတမ်းအတွင်းဝန်ရာထူး ယူခဲ့တဲ့ ဦးမျိုးမြင့်မောင်ကို တာဝန်ပေး ခန့်ထားတယ်လို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ သက်ဆိုင်တဲ့ သံရုံးရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ မကြာခဏ ဝေဖန်၊ ဆန္ဒပြခံရလေ့ရှိတဲ့ စစ်ကောင်စီသံရုံးရဲ့ အရင်သံအမတ် ဦးသန့်စင် နေရာကို ဦးမျိုးမြင့်မောင်နဲ့ အစားထိုးလိုက်တာ ဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ ဦးသန့်စင်က သတင်းဆိုးတွေ ထွက်နေတဲ့အတွက် လူစားထိုးလိုက်တာ ဖြစ်နိုင်တယ်လို့ အဲဒီနိုင်ငံရောက် မြန်မာ့အရေး လှုပ်ရှားနေသူတယောက်က ပြောပါတယ်။

“ပထမသံအမတ်က စစ်အုပ်စုခိုင်းတာ အကုန်လုပ်လည်း ဒီနိုင်ငံမှာ သူ့ပုံရိပ်က သိပ်မလှဘူး။ အမြဲလိုလို သူနဲ့ပတ်သက် ဆက်ဆံလို့ ကိုရီးယားနိုင်ငံသားတွေက မကျေမနပ်ဖြစ်ရတဲ့ ပြဿနာတွေ ရှိနေတာ။ နောက်လူ ထပ်ရောက်ရင်လည်း ထူးလာမယ်မထင်ဘူး။”

ဦးမျိုးမြင့်မောင်က နီပေါနိုင်ငံဆိုင်ရာ စစ်ကောင်စီ မြန်မာသံရုံးရဲ့ သံအမတ်အဖြစ် တနှစ်ကျော် တာဝန်ယူခဲ့ပြီး တောင်ကိုရီးယားနိုင်ငံကို ပြောင်းရွှေ့ တာဝန်ပေးခံရပေမဲ့ သက်ဆိုင်ရာ နိုင်ငံအစိုးရက သံအမတ်ခန့်လွှာ လက်ခံတာ မတွေ့ရသေးပါဘူး။

ဒါ့အပြင် သူက စစ်တပ်(ရေတပ်)မှာ ဒုတိယဗိုလ်မှူးကြီးအဆင့်အထိ တာဝန်ထမ်းခဲ့ပြီး ၂၀၁၀ မှာ စစ်တပ်က အနားယူကာ မိုးကျရွှေကိုယ်အဖြစ် ဗဟန်းမြို့နယ်က စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနခွဲမှာ စာစစ်အဖွဲ့ဝင်၊ ဒုတိယညွှန်ကြားရေးမှူးအဆင့်နဲ့ ဝင်ရောက်ခဲ့သူလည်း ဖြစ်ပါတယ်။

စာပေကင်ပေတိုင်ရုံးလို့ တင်စားခံရတဲ့ အဲဒီဌာနကို သူရောက်တဲ့အချိန်ကစပြီး နိုင်ငံရေးသတင်းတွေ ဖော်ပြခွင့်ကို ပိုတင်းကျပ်ခဲ့လို့ သတင်းမီဒီယာတွေကြားမှာ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့သူတယောက် ဖြစ်ခဲ့တယ်လို့ ကိုယ်တိုင်တွေ့ကြုံခဲ့သူတွေက ဆိုပါတယ်။

အဲဒီနောက် ပြန်ကြားရေးဝန်ကြီးဌာနမှာ တောက်လျှောက် တာဝန်ထမ်းခဲ့ပြီး ရာထူးအဆင့်ဆင့် တက်ခဲ့ကာ အမြဲတမ်းအတွင်းဝန်ရာထူးနဲ့ ၈ နှစ်ကြာ တာဝန်ယူလုပ်ကိုင်ပြီး ၂၀၂၄ ဇွန်လမှာ အငြိမ်းစားယူခဲ့တာ ဖြစ်ပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာနကနေ အငြိမ်းစားယူပြီးမှ နိုင်ငံခြားရေးဝန်ကြီးဌာနကနေ နိုင်ငံခြားရေးနဲ့ သံတမန်ရေး အတွေ့အကြုံမရှိတဲ့ ဦးမျိုးမြင့်မောင်ကို သံအမတ်အဖြစ်နဲ့ နီပေါနိုင်ငံကို စေလွှတ်လိုက်တာ ဖြစ်ပါတယ်။

ဦးမျိုးမြင့်မောင်ဟာ ပြန်ကြားရေးဝန်ကြီးဌာနမှာ နှစ် ၂၀ ကျော် လုပ်ခဲ့သူဖြစ်လို့ ဝါဒဖြန့်တဲ့ အတွေ့အကြံ ရင့်ကျက်တာကြောင့် စစ်ကောင်စီအတွက် သံတမန်လမ်းကြောင်းကနေ ဝါဒဖြန့်ပေးနိုင်ဖို့ သံအမတ်အဖြစ် တာဝန်ပေးတာ ဖြစ်နိုင်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက ဆိုပါတယ်။

တောင်ကိုရီးယားက အရင် စစ်ကောင်စီသံအမတ်ဖြစ်တဲ့ ဦးသန့်စင်မှာ သံတမန်ဆက်ဆံရေးနဲ့ ပတ်သက်လို့ ပြဿနာတချို့ရှိသလို သံရုံးရဲ့ ငွေကြေးအရှုပ်အရှင်းကိစ္စကြောင့် ခေါ်ယူ စစ်ဆေးခံရတာ ရှိခဲ့ပြီး နိုဝင်ဘာလဆန်းမှာ နီပေါနိုင်ငံဆိုင်ရာ စစ်ကောင်စီ မြန်မာသံရုံးဆီ ရွှေ့ပြောင်း တာဝန်ပေးခံထားရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013