
တောင်ကိုရီးယားကယ်ဆယ်ရေးအဖွဲ့ တဖွဲ့ဟာ ပြိုကျပျက်စီးနေတဲ့ စက်မှုလုပ်ငန်း အဆောက်အအုံ ရဲ့ အပျက်အစီးတွေထဲရှိ သေဆုံးသူ ၂ ယောက်နဲ့ ပျောက်ဆုံးနေသူ ၂ ယောက်တို့ဆီ ရောက်ရှိစေဖို့ လမ်းရှင်းလင်းတဲ့အနေနဲ့ နိုဝင်ဘာ ၁၁ ရက်မှာ မိုးမျှော်တိုက် ၂ ခုကို ဖောက်ခွဲဖြိုချခဲ့ပါတယ်။
ပျောက်ဆုံးနေသူတွေဟာ လွန်ခဲ့တဲ့ ၅ ရက်လောက်က ပြိုကျသွားတဲ့ ဧရာမ သံမဏိ အဆောက်အအုံကြီးမှာ အလုပ်လုပ်နေသူ ၉ ယောက်ထဲက တချို့ ဖြစ်ကြပြီး အဲဒီအဆောက်အအုံဟာ အူလ်ဆန်မြို့မှ ဓာတ်အားပေးစက်ရုံတခုရှိ အသုံးမပြုတော့တဲ့ အပူပေးစက်ရုံကြီး တခုလည်း ဖြစ်ပါတယ်။
အဆောက်အအုံကို ဖြိုဖျက်ဖို့ သူ့ရဲ့အောက်ခြေကို အားနည်းအောင် ပြင်ဆင်လုပ်ဆောင်နေချိန်မှာပဲ ပြိုကျသွားခဲ့တာပါ။
အလုပ်သမား ၂ ယောက်ကို မြန်မြန်ဆန်ဆန် ကယ်တင်နိုင်ခဲ့ပေမဲ့ ကျန် ၇ ယောက်ဟာ တစစီ ပိုင်းပြတ်ကျိုးကြေနေပြီး နောက်ထပ် ပြိုကျနိုင်ခြေရှိနေတဲ့ အပျက်အစီးတွေထဲမှာ ပိတ်မိနေခဲ့ကာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို အဟန့်အတားဖြစ်စေခဲ့ပါတယ်။
ပြိုကျမှုဖြစ်ပြီးနောက်မှာ အလုပ်သမား ၃ ယောက်ရဲ့ အလောင်းတွေကို ပြန်ယူထားနိုင်ခဲ့ပါတယ်။
ပြိုကျသွားတဲ့ မျှော်စင်ဘေးရှိ မီတာ ၆၀ အမြင့်ရှိ တခြားအဆောက်အအုံ ၂ ခုတို့က မပြိုလဲဘဲ ကျန်ရှိနေဆဲဖြစ်ပြီး ကယ်ဆယ်ရေးသမားတွေအနေနဲ့ စက်ယန္တရားကြီးတွေကို အသုံးပြုဖို့ စိတ်မချရဘူးလို့ အကဲဖြတ်ခံရပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်း ပိုမိုနှောင့်နှေးစေခဲ့ပါတယ်။
ဖောက်ခွဲရေးပစ္စည်းတွေနဲ့ ဖောက်ခွဲလိုက်ပြီး စက္ကန့်ပိုင်းအကြာမှာပဲ မီးခိုးလုံးတွေနဲ့ အပျက်အစီးတွေထဲမှာ အဆောက်အအုံတွေ ပြိုကျသွားခဲ့တာကို ဖြိုဖျက်မှု ဗီဒီယိုထဲမှာ မြင်တွေ့ရပါတယ်။
Source: Reuters


