
ထိုင်းနိုင်ငံ၊ ရနောင်းမြို့၊ လဝကရုံးက ပြစ်ဒဏ်ကျခံရပြီး လွတ်ရက်စေ့ မြန်မာနိုင်ငံသား အယောက် ၉၀ ကို နိုဝင်ဘာ ၁၀ ရက် မနက် ၁၁ နာရီခွဲခန့်က မြန်မာနိုင်ငံ၊ ကော့သောင်းဘက်ကို နေရပ်လွှဲပြောင်း ပို့ဆောင်ခဲ့တာမှာ အမျိုးသားတွေကို စစ်တပ်က ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
ရနောင်းမြို့၊ ပန်နားရပ်ကွက်ရှိ အကောက်ခွန်လှေဆိပ်ကတဆင့် အချုပ်သား အယောက် ၉၀ ကို နေရပ်လွှဲပြောင်း ပို့ဆောင်ခဲ့ပြီး ကော့သောင်းဘက်ခြမ်း ရောက်တဲ့အခါမှာ ကားတွေနဲ့ လာရောက်ခေါ်ဆောင်သွားတာ တွေ့ရတယ်လို့ ကော့သောင်းမြို့ခံ ပြည်သူတယောက်က ပြောပါတယ်။
“စစ်ကားနဲ့ မခေါ်ဘူး။ တောင်းအေ့စ် (HIJET) ကားနဲ့ လာခေါ်သွားတာပါ။ အရင်က ဘုရင့်နောင် မြို့မဘောတံတားကနေ လာတာ၊ အခုဆို ကျော်လွင် ရေခဲစက်ကနေ လာတယ်။ မနေ့က အပို့ခံရတဲ့ လူတွေတော့ သူတို့(စကစ)တပ်မှာ ထားလိမ့်မယ်ထင်တယ်။ ပိုက်ဆံထုတ်လို့ရမယ့်လူတွေဆို ပိုက်ဆံနဲ့ ထုတ်ခိုင်းလိမ့်မယ်။ အထက်ဘက် (မြန်မာပြည်အပေါ်ပိုင်း) က လူတွေဆိုရင် စစ်မှုထမ်း ပါတာ ပိုများနိုင်တယ်။ ကော့သောင်းနယ်ခံဆို လွတ်တယ်။”
အမျိုးသား ၇၄ ယောက်၊ အမျိုးသမီး ၁၄ ယောက်နဲ့ ကလေး ၂ ယောက်တို့ ပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာ တွေ့ရပြီး အဆိုပါ အယောက် ၉ဝ ထဲက အမျိုးသမီးတွေမပါဘဲ အမျိုးသား အကုန်လုံးကို ကားနဲ့ သီးသန့် ခေါ်ဆောင်သွားတယ်လို့ ဒေသခံ နောက်တယောက်က ပြောပါတယ်။
“ပါသွားတာ အမျိုးသားအားလုံးလို့ ကြားရပါတယ်။ အမျိုးသမီးတွေတော့ ထိန်းသိမ်းရေးစင်တာမှာ ရှိနေကြပါတယ်။ စစ်မှုထမ်းအကုန် ပါ၊ မပါ မသိရသေးဘူး။ အမျိုးသားတွေကို သီးသန့်ခေါ်သွားတာပဲ သိရတယ်။”
နေရပ်ပြန်ပို့ခံရတဲ့သူတွေထဲမှာ အများအားဖြင့် ကော့သောင်းနယ်ခံတွေက ငွေပေးပြီး ပြန်လွတ်မြောက်နိုင်ကြပေမဲ့ တခြားမြို့နယ်က ဒေသခံတွေကတော့ စစ်မှုထမ်း စုဆောင်းခံရနိုင်ခြေ ပိုများတယ်လို့ ကော့သောင်းမြို့ခံ ပြည်သူတချို့က ပြောပါတယ်။
ရနောင်းလဝက အချုပ်ကနေ အခုတပတ်အတွင်း နေရပ်လွှဲပြောင်း ပို့ဆောင်နေတာ ၂ ကြိမ်ရှိပြီဖြစ်ကာ နိုဝင်ဘာ ၅ ရက်က အချုပ်သား အယောက် ၄၇ ယောက်ကို ကော့သောင်းဘက် ပို့ဆောင်ခဲ့ပါသေးတယ်။
ထိုင်းနိုင်ငံက နေရပ်ပြန်ပို့ခံရတဲ့သူတွေဟာ ကော့သောင်းဘက်ရောက်ရင် စစ်ကောင်စီရဲ့ ဖမ်းဆီးချုပ်နှောင်ခံရပြီး အသက်ကြီးပိုင်း အမျိုးသားနဲ့ အမျိုးသမီးတွေကလွဲရင် ကျန်တဲ့ စစ်မှုထမ်း အကျုံးဝင်တဲ့သူတွေကို ကော့သောင်းအခြေစိုက် ခလရ ၂၆၂ နဲ့ ခမရ ၄၃၁ တပ်တွေကို ခေါ်ဆောင်သွားတယ်လို့ ကော့သောင်းဒေသခံ ပြည်သူတွေဆီက သိရပါတယ်။


