
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ် ရပ်ကွက်ကြီး ၃ မန္တလေး- လားရှိုးသွားကားလမ်းဘေးက နာရီစင်အနီး ဖွင့်ထားတဲ့ “အောင်စံပယ်” စိန်ရွှေရတနာဆိုင်မှာ နိုဝင်ဘာ ၁၂ ရက် ဒီနေ့မနက်က ဓားပြတိုက်မှုဖြစ်ပွားခဲ့ပြီး ဆိုင်လုံခြုံရေးဝန်ထမ်းတယောက် သေဆုံးကာ ဓားပြတိုက်သူ တယောက်ကို ဖမ်းမိခဲ့တယ်လို့ မြိုခံတွေဆီက သိရပါတယ်။
ဒီကနေ့ မနက် ၈ နာရီခွဲက ဟွန်ဒါဖစ်ဆိုင်ကယ်နဲ့ ရောက်လာတဲ့ အမည်မသိအမျိုးသား ၂ ယောက်က ရွှေဆိုင်အတွင်းသို့ဝင်လာကာ သေနတ်ပစ်ဖောက်ပြီး ဓားပြတိုက်တာကြောင့် ဆိုင်လုံခြုံရေးဝန်ထမ်း တယောက် သေဆုံးကာ ရွှေတွေယူသွားတာလို့ မြို့ခံက ပြောပါတယ်။
"ဆိုင်ထဲကို ဝင်လာပြီး ဆိုင်ကောင်တာအနောက်မှာရှိတဲ့ လုံခြုံရေးဝန်ထမ်းကို သေနတ်နဲ့ပစ်တယ်။ အဲ့ဒီအချိန်မှာ နောက်တယောက်က ဆိုင်ဝန်ထမ်းကောင်မလေးကို ထိုးကြိတ်ပြီး ရွှေတွေယူသွားတာ။ တယောက်မိတယ်၊ တယောက်လွတ်သွားတယ်။”
သေနတ်နဲ့ပစ်ခတ်ခံရလို့ ဆိုင်လုံခြုံရေးဝန်ထမ်း ဦးစိန်ဝင်း သေဆုံးပြီး ဆိုင်အမျိုးသမီးဝန်ထမ်း တယောက်ဒဏ်ရာရကာ ဆေးရုံတင်ထားရပြီး ဖမ်းဆီးရမိသူကို စစ်ဆေးနေတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်က ပြောပါတယ်။
"ဆိုင်က လုံခြုံရေးဝန်ထမ်းက မျက်လုံးနားကို သေနတ်မှန်ပြီးသေတယ်။ ဝန်ထမ်းကောင်မလေးက ဖူးယောင်ဒဏ်ရာရတယ်။ လုယက်သူ ၂ ယောက်ထဲက တယောက်မိတယ်။ ရွှေတွေက လွှတ်သွားတဲ့သူ တယောက်မှာပါသွားတယ်။”
ဖမ်းဆီးရမိသူမှာ ချမ်းမြသာစည်မြို့နယ်က အသက် ၃၀ နှစ်အရွယ် အောင်မျိုးနိုင်ဖြစ်ပြီး ကျောက်အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူဖြစ်တယ်လို့ ကနဦးသိရပါတယ်။
လတ်တလောမှာ ဖမ်းဆီးရမိသူကို စစ်ကောင်စီ လက်အောက်ခံ ပြင်ဦးလွင်မြို့မရဲစခန်းက စစ် ဆေးနေပြီး လွတ်မြောက်သွားသူကို စစ်တပ်နဲ့ ရဲတွေက ပိတ်ဆို့ရှာဖွေနေပါတယ်။


