Home
ရုပ်သံ
မိုးကုတ်မြို့ကို တပ်ပေါင်းစုစနစ်ဖြင့် အုပ်ချုပ်ရန် တော်လှန်ရေးအစုအဖွဲ့များ စီစဉ်
DVB
·
November 9, 2025

မိုးကုတ်မြို့ကို တော်လှန်ရေးအစုအဖွဲ့တွေက တပ်ပေါင်းစုစနစ်နဲ့ ဆက်လက်အုပ်ချုပ်ဖို့ စီစဉ်နေတယ်လို့ မိုးကုတ်သပိတ်ခေါင်းဆောင်က ပြောပါတယ်။ 

မန္တလေးတိုင်း၊ မိုးကုတ်မြို့အုပ်ချုပ်ရေးကို ဦးဆောင်နေတဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ဟာ နိုဝင်ဘာ ၂၈ ရက်နေ့ နောက်ဆုံးထားပြီး မြို့ကနေ ထွက်ခွာဖို့ ပြင်ဆင်နေတာပါ။ 

TNLA ဟာ တရုတ်အစိုးရရဲ့ ဖိအားပေးမှုကြောင့် စစ်ကောင်စီ နဲ့ အပစ်ရပ်ခဲ့ရတဲ့အပြင် မိုးကုတ်မြို့နဲ့ မိုးမိတ်မြို့တွေကိုပါ လက်လွှတ်ဖို့ ဆုံးဖြတ်ခဲ့ရတာဖြစ်ပါတယ်။

မိုးကုတ်မြို့ကို လက်လွှတ်ဖို့ အောက်တိုဘာ ၂၉ ရက်နေ့မှာ TNLA က ကြေညာချက်ထုတ်ခဲ့ပြီး အချိန်တလအကြာ နိုဝင်ဘာ ၂၈ ရက်နေ့မှာ ထွက်ခွာကြမယ့်အခြေအနေ ဖြစ်ပါတယ်။ 

TNLA ထွက်ခွာသွားရင် မြို့ကို ဆက်လက်ကာကွယ်မယ်လို့ တော်လှန်ရေးအင်အားစုတွေက ကြေညာထားပြီး အရပ်ဘက်၊ စစ်ဘက် နှစ်ခုစလုံးပါတဲ့ တပ်ပေါင်းစုစနစ်နဲ့ ဆက်လက်အုပ်ချုပ်သွားဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

မိုးကုတ်သပိတ်ခေါင်းဆောင် ကိုစိုးဌေးက “ကျနော်က အခု မိုးကုတ်မှာ ရှိနေတယ်၊ TNLA ကတော့ မသွားသေးဘူး၊ သူတို့ ၂၈ လောက်မှ သွားမယ်နဲ့တူတယ် ကြည့်ရတာ။ ၁၅ ရက်နေ့ကြရင် သူတို့ တရုတ်ပြည်မှာ Meeting တခုရှိတယ်လို့လည်း ကြားတယ်၊ ဒါလည်း သူတို့ ဘယ်လိုပုံစံ စည်းဝေးမယ်၊ ဘာရလဒ်ထွက်မယ်ဆိုတာတော့ TNLA က ဒီဘက်မြို့ကို ကြေညာတာမရှိဘူးပေါ့၊ မဟာမိတ်အင်အားစုတွေကိုလည်း ပြောတာမျိုး မရှိဘူးပေါ့။ မြို့ခံတော်လှန်ရေးတပ်ဖွဲ့တွေတော့ အကုန်လုံးစုဖွဲ့ပြီးတော့ ပြင်ဆင်နေတာတွေတော့ ရှိတယ်၊ မြို့နယ်အရေးပေါ်အုပ်ချုပ်ရေး အတွက်ပေါ့နော် သူတို့ ပြင်ဆင်နေတာတွေရှိတယ်၊ ပြည်သူလူထု ဘေးကင်းရေးဆိုင်ရာ ကိစ္စတွေကို တိုင်ပင်ဆွေးနွေးညှိနှိုင်းနေတာတွေ ရှိတယ်။ မြို့ခံအများစုကတော့ အခု စစ်ရှောင်ကြတယ်ပေါ့ဗျာ။ လတ်တလောတော့ စစ်အကြမ်းဖက်အုပ်စုဘက်ကတော့ လှုပ်ရှားမှု ဘာမှ မတွေ့ရသေးပါဘူး၊ ဒီဘက်မှာ NUG ကနေပြီးတော့ ဟိုးအစောပိုင်းကာလ သပိတ်ကာလကတည်းကနေပြီးတော့ ပအဖ ဖွဲ့ကြတယ်၊ နောက်ပိုင်းမှာ ပကဖ၊ ပလဖ ဖွဲ့ထားတာတွေ ရှိတယ်။ မြို့ကို စီမံအုပ်ချုပ်ဖို့ဆိုရင် တစုတဖွဲ့တည်းက ဦးဆောင်လို့ မြို့လူထုကလည်း လက်ခံမယ့်ပုံမရှိဘူးလို့ ကျနော် ထင်တယ်၊ Joint  ပေါ့နော်၊ အားလုံးတပ်ပေါင်းစု စီစဉ်နိုင်ဖို့တော့ လုပ်နေတယ်။ အရပ်ဘက်ရော စစ်ဘက်ရော ပါတဲ့ အုပ်ချုပ်မှုမျိုးပေါ့နော်။ နောက်တခုက ကျနော်တို့ မိုးကုတ်မှာက တိုင်းရင်းသားတွေလည်း များတယ်၊ အစုအဖွဲ့တွေလည်း များကြတော့ အားလုံးနဲ့ညှိပြီး ဆောင်ရွက်တဲ့ ပုံစံမျိုး လောလောဆယ် ရှိပါတယ်။”

မိုးကုတ်မြို့နဲ့ မိုးမိတ်မြို့တွေကို ၂၀၂၄ ဇူလိုင်လအတွင်းမှာ TNLA နဲ့ မဟာမိတ်တွေက သိမ်းယူခဲ့တာဖြစ်ပြီး တနှစ်ကျော်အကြာမှာ ပြန်လည်လက်လွှတ်ရမယ့် အခြေအနေ ဖြစ်လာတာပါ။ 

မိုးကုတ်မြို့နယ်မှာ အပစ်ရပ်သဘောတူချက်ကြောင့် စစ်ကောင်စီဘက်က လှုပ်ရှားမှု မရှိသေးပေမဲ့ နယ်မြေချင်းဆက်စပ်တည်ရှိနေတဲ့ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းနယ်တွေမှာ စစ်ကောင်စီက ဖိအားပေးတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။ 

နိုဝင်ဘာ ၇ ရက်နဲ့ ၈ ရက်နေ့တွေအထိ စစ်ကောင်စီက မတ္တရာနယ်ထဲမှာ မြေပြင်စစ်ကြောင်းထိုးတာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ မတ္တရာ PDF တာဝန်ရှိသူက ပြောပါတယ်။

မတ္တရာနယ်မှာ PDF တွေ သိမ်းယူထားတဲ့ စခန်းအများစုကို ဒေသကာကွယ်ရေးအဖွဲ့တွေက ပြန်လက်လွှတ်ထားရပေမဲ့ အတတ်နိုင်ဆုံး ခုခံတိုက်ခိုက်နေဆဲ ဖြစ်တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

မတ္တရာပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူ ကိုဒေါင်း က “ကျနော်တို့ မတ္တရာအရှေ့မြောက်ခြမ်း ဈေးသစ် ဈေးဟောင်းဘက်မှာ စစ်ကြောင်းထိုးနေပါတယ်ဗျ။ စစ်ကြောင်းထိုးနေတာပါ၊ လမ်းကြောင်းရှင်းတာ မဟုတ်ပါဘူး။ နေရာတွေကတော့ မတ္တရာမြို့နယ် အရှေ့မြောက်ခြမ်း ဈေးဟောင်းရွာဘက်ကို လေကြောင်းတိုက်ခိုက်မှု လုပ်သွားတာပါ။ ဂျက်ဖိုက်တာ ၂ စီးပါဗျ၊ အသေအပျောက်ကတော့ မသိရဘူးဗျ” လို့ ပြောပါတယ်။

တရုတ်အစိုးရက မြောက်ပိုင်းမဟာမိတ်တွေကို ဆက်တိုက်ဖိအားပေးခဲ့တာကြောင့် ဧပြီလထဲမှာ လားရှိုးမြို့ကို ကိုးကန့်တပ် MNDAA က ပြန်လက်လွှတ်ခဲ့ရပြီး နောက်ပိုင်းမှာ မြောက်ပိုင်းမဟာမိတ်တွေဟာ ရှမ်း-မန်းဆက်စပ်နယ်က သီပေါ၊ ကျောက်မဲတို့ကို ဆက်ပြီးလက်လွှတ်ခဲ့ရပါတယ်။ 

အခု မိုးကုတ်-မိုးမိတ်တို့ကိုပါ မြောက်ပိုင်းမဟာမိတ်တွေက ဆက်လက်လွှတ်ရရင် တော်လှန်ရေးတစုံလုံးကို ထိခိုက်လာနိုင်တဲ့အတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေးက တော်လှန်စစ်အတွက် လူငယ်တပ်သားသစ်တွေ ထပ်မံဖိတ်ခေါ်တဲ့ကြေညာချက်ကို အောက်တိုဘာ ၃၁ ရက်နေ့မှာထုတ်ပြန်ပြီး အင်အားဖြည့်တင်းဖို့ကြိုးစားခဲ့ပါတယ်။ 

သုတချမ်းသာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013