
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က စစ်ကောင်စီတပ်ကို ပြန်ပေးဖို့ သဘောတူထားတဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့က ပြည်သူတွေဟာ နိုဝင်ဘာ ၆ ရက် ညက သံပုံးတီးပြီး သူတို့ရဲ့ ဆန္ဒကို ထုတ်ဖော်ခဲ့ပါတယ်။
အဲဒီသံပုံးသံတွေဟာ ၄ နှစ်ကျော်ကြာတဲ့အထိ ပြည်သူတွေရဲ့ တော်လှန်ရေးစိတ်ဓာတ် မလျော့တာကို ပြသနေတယ်လို့ မန္တလေးပြည်သူ့ကာကွယ်ရေးအဖွဲ့ (MDY PDF) ခေါင်းဆောင်တယောက်ဖြစ်တဲ့ ဒေါက်တာစိုးသူရဇော်က သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသား ဖော်ပြပါတယ်။
သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းကလည်း မိုးကုတ်ပြည်သူတွေက စစ်အာဏာရှင်စနစ်ကို လုံးဝဆန့်ကျင်ကြောင်းနဲ့ မိုးကုတ်မြို့ထဲကို အာဏာသိမ်း စစ်တပ် ပြန်ဝင်လာမှာ မလိုလားကြောင်း သံပုံးသံတွေက ပြသနေတယ်လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်းနဲ့ အနောက်ပိုင်းမှာ နိုဝင်ဘာ ၆ ရက် ည ၈ နာရီမှာ နွေဦးတော်လှန်ရေးကို တရုတ်နိုင်ငံက ကြားဝင်စွက်ဖက်တာကို ဆန့်ကျင်တဲ့အနေနဲ့ မြို့ခံပြည်သူတွေက သံပုံးတီးပြီး သွေးသစ္စာသီချင်းကို သီဆိုကာ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ စစ်ကောင်စီတို့အကြား တရုတ်အစိုးရရဲ့ ကြားဝင်စွက်ဖက်မှုနဲ့ ကူမင်းမြို့မှာ တွေ့ဆုံဆွေးနွေးကြပြီးနောက် မိုးကုတ်မြို့နဲ့ မိုးမိတ်မြို့တွေကို စစ်ကောင်စီထံ ပြန်လွှဲပေးပြီး အပစ်အခတ်ရပ်စဲကြဖို့ သဘောတူခဲ့ကြတာပါ။
မိုးကုတ်ကို သိမ်းယူရာမှာ TNLA တပ်တွေနဲ့အတူ မဟာမိတ်အဖြစ် ပူးပေါင်းပါဝင်ခဲ့တဲ့ မန္တလေးပြည်သူ့ကာကွယ်ရေးအဖွဲ့ (MDY PDF) အပါအဝင် တော်လှန်ရေးအင်အားစုတွေကတော့ မိုးကုတ်နဲ့ တခြား သိမ်းပိုက်နယ်မြေတွေကို ကာကွယ်သွားမယ်လို့ ကြေညာထားပါတယ်။


