
နမ့်ခမ်းမြို့မှာ အောက်တိုဘာ ၂၈ ရက်ကစပြီး တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ဒေသခံအိမ်ထောင်စုစာရင်း၊ မှတ်ပုံတင်အပြင် ယာယီ နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ် (TBP) ပါ ပြုလုပ်ပေးကြောင်း ဒေသခံတွေဆီက သိရပါတယ်။
TNLA နဲ့ နီးစပ်သူတယောက်က “နမ့်ခမ်းမှာ TNLA က မှတ်ပုံတင် လုပ်ပေးနေတာ ဟုတ်တယ်။ အရင်ကတည်းက လုပ်ပေးတယ်။ TNLA ထိန်းချုပ်နယ်မြေ တော်တော်များများ လုပ်ပေးတာရှိတယ်” လို့ ပြောပါတယ်။
TNLA က ပြုလုပ်ပေးတဲ့ ဒေသခံ မှတ်ပုံတင်ကတ်ပြားနဲ့ တရုတ်နယ်စပ် ယာယီဖြတ်ကျော်ခွင့် လက်မှတ် ပြုလုပ်ပေးတယ်လို့ ကြားရပြီး အဓိက တရုတ်နဲ့ ထိစပ်နေတဲ့ နမ့်ခမ်းမြို့ခံတွေပဲ နယ်စပ်ဝင်ထွက်လို့ ရလိမ့်မယ်လို့ သူက ပြောပါတယ်။
နမ့်ခမ်းဒေသခံ အမျိုးသားတယောက်က “မှတ်ပုံတင်၊ အိမ်ထောင်စုကတော့ ရွာတိုင်း လုပ်တော့ လုပ်ခိုင်းနေတယ်။ မလုပ်တဲ့သူတွေပဲ များတယ်လေနော်” လို့ ပြောပါတယ်။
တရုတ်နဲ့ နမ့်ခမ်း နယ်စပ်ဂိတ်ဖြစ်တဲ့ လုံတောက် နယ်စပ်ဂိတ်ကို တရုတ်ဘက်က ဖွင့်ပေးလိုက်ပြီလို့ သိရပေမဲ့ အတိအကျတော့ မသိဘူးလို့ သူကပြောပါတယ်။
လုံတောက် တရုတ်နယ်စပ်ဂိတ်ကို နမ့်ခမ်းမြို့ အရင်က ကျောက်တိုင်ရှိတဲ့ နေရာကနေ ဝင်သွားရပြီး ရေဆိပ်ကနေ ကူးပြီးသွားရတာလို့ ဆိုပါတယ်။
နမ့်ခမ်းရောက် အမျိုးသားတယောက်ကလည်း “နမ့်ခမ်းမှာ TNLA တွေ မှတ်ပုံတင် လုပ်ပေးနေတာတော့ ကြာပြီ။ မှတ်ပုံတင်၊ ကညနလိုင်စင် အကုန်လုပ်တာ” လို့ ပြောပါတယ်။
နေရာစုံတော့ အသုံးမဝင်ပေမဲ့ ဘယ်မှာသုံးရမလဲ ဆိုတာတော့ မသိဘူးလို့ သူက ပြောပါတယ်။
ဒေသ အိမ်ထောင်စုစာရင်းအတွက် ၁၂,၀၀၀ ကျပ်၊ ဒေသ မှတ်ပုံတင်အတွက် ၁၁,၀၀၀ ကျပ် ကုန်ကျပြီး TNLA ထိန်းချုပ်နယ်မြေအတွင်း ခရီးသွားလာရေးနဲ့ ကူးသန်းရောင်းဝယ်ရေး၊ တရုတ်နယ်စပ် အဝင်အထွက်တွေအတွက် အသုံးပြုနိုင်တယ်လို့ သိရကြောင်း ဒေသခံတချို့က ပြောပါတယ်။
ရေဆိပ်ကနေတဆင့် လုံတောက် တရုတ်နယ်စပ်ဂိတ် ဝင်ထွက်လို့ရပြီး တခြားဒေသက လူတွေကိုတော့ ၃ လနဲ့ ၆ လ သက်တမ်းရှိ နေထိုင်ခွင့်ကတ်ပြား ပြုလုပ်ပေးပြီး ၆ ရက် သက်တမ်းရှိ တရုတ်နယ်စပ် ယာယီဖြတ်သန်းခွင့် ကတ်ပြားကိုလည်း ပြုလုပ်ပေးတယ်လို့ သိရကြောင်း ဆိုပါတယ်။
နမ့်ဆန်၊ မန်တုံ၊ နမ္မတူမြို့နယ်မှာ ဇွန်လ ၁ ရက်ကစပြီး TNLA က ဒေသခံ မှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်း လုပ်ပေးနေတာဖြစ်ပြီး TNLA ထိန်းချုပ်နယ်မြေက ဒေသခံ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း ပြုလုပ်လိုသူတွေအနေနဲ့ TNLA ထိန်းချုပ်နယ်မြေမှာ အနည်းဆုံး ၇ နှစ် နေထိုင်ပြီး အသက် ၁၆ နှစ်အထက် ရှိရမှာဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။




