
မန္တလေးတိုင်း၊ မိုးကုတ်မြို့ အရှေ့ပိုင်း ဂေါက်ကွင်းမှာ နိုဝင်ဘာ ၄ ရက် ညက ကျောက်မျက်တူးဖော်နေတဲ့ တွင်းလုပ်သား ၃ ယောက် တွင်းပြိုတာကြောင့် ပိတ်မိနေပြီး လက်ရှိအချိန်ထိ ရှာမတွေ့သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
နိုဝင်ဘာ ၄ ရက် ညကတည်းက မြေပြိုတာ၊ အခုအချိန်အထိ အလောင်းရှာမတွေ့သေးဘူးလို့ မြို့ခံတယောက်က ပြောပါတယ်။
မြေပြိုမှုကြောင့် ပိတ်မိနေသူတွေကို ရှာဖွေကယ်ဆယ်နေပေမဲ့ လက်ရှိအချိန်ထိ ရှာမတွေ့သေးတာကြောင့် ပိတ်မိနေသူတွေရဲ့ နာမည်နဲ့ အသေးစိတ် အချက်လက်ကို အတည်မပြုနိုင်သေးပါဘူး။
မိုးကုတ်မှာ ပြင်ပစီးပွားရေးလုပ်ငန်းရှင်ဖြစ်တဲ့ ကိုးကန့်ကျောက်မျက်တွင်းမှာ ကိုးကန့်တွေ လုပ်ငန်းနားပြီးနောက် ပြည်သူတချို့ ဝင်ရောက်လုပ်ကိုင်နေတာလို့ မြို့ခံတယောက်က ပြောပါတယ်။
နောက်ထပ်မြို့ခံတယောက်က “အရင်က ကိုးကန့်လုပ်ခဲ့တဲ့နေရာမှာ ပလောင်က ၇၀ ရာခိုင်နှုန်း၊ ပြည်သူက ၃၀ ရာခိုင်နှုန်းရပြီး နှစ်ပတ် ကျောက်တူးခွင့်ရထားတယ်။ ခုက ကိုးကန့်တွေနားလိုက်ပြီ။ နှစ်ပတ်အချိန်ရတယ် ဆိုပြီးဝောာ့ ပြည်သူကလည်း အချိန်သိပ်မရတော့ သိတဲ့အတိုင်း အသား၊ ဝါး သိပ်မထည့်ဘဲနဲ့ ဇွတ်လုပ်ကြတော့ မိုးကလည်း ရွာတယ်လေ” လို့ ပြောပါတယ်။
မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က စစ်ကောင်စီထံ ပြန်လည်ပေးအပ်ပြီးနောက် မြို့တွင်း ကျောက်မျက်တူးဖော်ရေးလုပ်ငန်း လုပ်ကိုင်နေတဲ့ ပြင်ပစီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ကျောက်တွင်းအချို့ ကျောက်တူးဖော်မှု ရပ်နားထားပြီလို့ ဒေသခံတွေဆီက သိရပါတယ်။
ကျောက်တွင်းတခုမှာ လုပ်ကိုင်နေသူတယောက်က “တချို့ကျောက်တွင်းတွေ နားကုန်ကြပြီ၊ တရုတ်တွင်းတွေကော၊ ပလောင်တွေလုပ်တဲ့တွင်း၊ ကိုးကန့်တွေလုပ်တဲ့တွင်းတွေ နားကြတယ်။ ခု မနားသေးတဲ့ တွင်းတွေကလည်း နိုဝင်ဘာ ၂၅ ရက် မရောက်ခင် နားကြမယ် ”လို့ ပြောပါတယ်။
တရုတ်နိုင်ငံရဲ့ ကြားဝင်စွက်ဖက်မှုနဲ့ ကူမင်းမြို့မှာ ဆွေးနွေးပြီးနောက် မိုးကုတ်မြို့ကို TNLA က စစ်ကောင်စီထံ ပြန်လည်ပေးအပ်ပြီးနောက် မြို့တွင်းကနေ TNLA တပ်တွေ နိုဝင်ဘာ ၂၅ ရက်မှာ ဆုတ်ခွာမှာဖြစ်ပြီး စစ်တပ်လည်း ပြန်ဝင်လာမယ်လို့ သိရပါတယ်။
ဒါပေမဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကတော့ မိုးကုတ်မြို့ အပါအဝင် သိမ်းပိုက်နယ်မြေတွေကို ဆက်လက်ကာကွယ်ထားမယ်လို့ ကြေညာထားပါတယ်။
မိုးကုတ်မြို့ကို TNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ၂၀၂၄ ဇူလိုင်လမှာ သိမ်းပိုက်ပြီးနောက် မြို့တွင်းကျောက်မျက်တွင်းတွေကို ပြင်ပစီးပွားရေးလုပ်ငန်းရှင်တွေဖြစ်တဲ့ ကိုးကန့်၊ တရုတ်နဲ့ ‘ဝ’ တို့က တူးဖော်နေခဲ့တာပါ။
မိုးကုတ်မြို့ကနေ မြို့ခံတချို့ တိမ်းရှောင်နေကြပြီး တိမ်းရှောင်ဖို့ လမ်းခရီးခက်ခဲမှုနဲ့ ကုန်ကျစရိတ်တွေ ရှိနေတာကြောင့် အခြေခံလူတန်းစားနဲ့ ငွေကြေးမတတ်နိုင်သူတွေ တိမ်းရှောင်ဖို့ ခက်ခဲနေပါတယ်။




