
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ရှိ TNLA အချုပ်ခန်းက အချုပ်သား ၃၀ ကျော်ကို ဓားပြတယောက်က ဦးဆောင်ပြီး နိုဝင်ဘာ ၁ ရက် ညသန်းခေါင်လောက်မှာ ခေါ်ထုတ် ထွက်ပြေး လွတ်မြောက်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံအမျိုးသားတယောက်က “စစ်ကောင်စီ စစ်သုံ့ပန်းတွေ မပါဘူး။ သူခိုး၊ ဓားပြ၊ ဘိန်းစားတွေကို ဖမ်းဆီး ထိန်းသိမ်းထားတာ ၃၆ ယောက်လို့ သိရတယ်” လို့ ပြောပါတယ်။
အဲဒီ ၃၆ ယောက်ထဲမှာ ပြစ်မှုပိုကြီးတဲ့ မုဒိမ်းမှု၊ ဓားပြတွေ အယောက် ၃၀ ထွက်ပြေး လွတ်မြောက်သွားပြီး သန်သန်မာမာ မရှိတဲ့ စိတ်ကျန်းမာရေးမကောင်းသူတယောက် အပါအဝင် ဘိန်းစား ၆ ယောက်ကို ပြန်လည်ဖမ်းမိထားပါတယ်။
ဒေသခံက “အချုပ်ထောင်စောင့်တာ တယောက်တည်းလို့ သိရတယ်။ အဲဒီတယောက် အပေါ့သွားချင်တယ်လို့ လိမ်ပြီး၊ အဲဒီ ထောင်စောင့်ဆီက သော့လုယူပြီး၊ သော့တွေ အကုန်ဖွင့်ပြီး ထွက်ပြေးသွားတယ်” လို့ ပြောပါတယ်။
ကွတ်ခိုင် ရပ်ကွက် ၃ က ဓားပြတိုက်တဲ့ တရုတ်တယောက်က ဆော်ဩပြီး အကျဉ်းသား တယောက်မကျန်ကို ခေါ်ထုတ် ထွက်ပြေးသွားတာဖြစ်ပါတယ်။
ဒေသခံအမျိုးသမီးတယောက်က “နိုဝင်ဘာလ ၁ ရက်နေ့ည ဖောက်ထွက်သွားတာ ဟုတ်တယ်။ လူများတယ်။ သော့နဲ့ကို ဖွင့်ထွက်သွားတာ။ ကွတ်ခိုင်မြို့ပြင်ဘက်က အသိတယောက်လည်း ထွက်ပြေးလာတယ်”လို့ ပြောပါတယ်။
လွတ်မြောက်သွားသူတွေအထဲမှာ ကွတ်ခိုင်မြို့က မုဒိမ်းမှုကျူးလွန်ထားတဲ့ ဆရာဝန်တယောက် အပါအဝင် မုဒိမ်းမှု၊ ခိုးမှု၊ လုယက်မှု၊ မူးယစ်မှု၊ လူသတ်မှုနဲ့ ပြစ်မှုကြီးကြီးမားမား ကျူးလွန်ထားသူတွေ ပါဝင်တယ်လို့လည်း သိရပါတယ်။
အရင် စစ်ကောင်စီရဲ ရဲစခန်းဟောင်းမှာပဲ TNLA က ဖမ်းဆီးထားတဲ့ အချုပ်သား၊ အကျဉ်းသားတွေကို ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။
အခုလို အချုပ်သားတွေလွတ်မြောက်သွားတာနဲ့ ပတ်သက်ပြီး တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ဘက်ကိုတော့ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပါဘူး။




