
TNLA တပ်ဖွဲ့ မိုးကုတ်ရတနာမြေကနေ ထွက်ခွာပြီးနောက်ပိုင်း တိုက်ပွဲတွေပြင်းထန်လာမှာကို စိုးရိမ်ကြတဲ့ ပြည်သူတချို့ဟာ မြို့ကိုစွန့်ခွာပြီး ကြိုတင်တိမ်းရှောင်နေကြပါတယ်။
တရုတ်နိုင်ငံရဲ့ ကြားဝင်မှုနဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ စစ်ကောင်စီတပ်တို့ အောက်တိုဘာ ၂၉ ကစပြီး အပစ်အခတ်ရပ်စဲဖို့ သဘောတူခဲ့ပါတယ်။
ဒါ့အပြင် မန္တလေးတိုင်း၊ မိုးကုတ်ရတနာမြေနဲ့ ရှမ်းပြည်မြောက်ပိုင်း၊ မိုးမိတ်မြို့ကို TNLA က စစ်ကောင်စီကို ပြန်လည်လွှဲပြောင်းပေးဖို့လည်း သဘောတူခဲ့တာပါ။
TNLA က မိုးကုတ်မြို့ကနေ ထွက်ခွာသွားရင် နွေဦးတော်လှန်ရေးအင်အားစုတွေက မိုးကုတ်မြို့ လက်မလွှတ်ရရေးအတွက် အပြင်းအထန်ကာကွယ်သွားမှာဖြစ်တာကြောင့် တိုက်ပွဲတွေ ပြင်းထန်လာမှာကို စိုးရိမ်ကြတဲ့ ပြည်သူတချို့ဟာ မြို့ကိုစွန့်ခွာပြီး ကြိုတင်တိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိ မိုးကုတ်ရတမြေမှာ ထာပွဲခေါ် ကျောက်မျက်ဈေးတချို့ကို အချိန်ပိုင်းဖွင့်တာရှိနေပြီး ပုံမှန်ရောင်း ဝယ်ဖောက်ကားမှုနဲ့ သွားလာမှုလည်းရှိနေတာပါ။
TNLA နဲ့ ညှိနှိုင်းပြီး ကျောက်မျက်တူး ဖော်ရေးလုပ်နေတဲ့ အဖွဲ့အစည်းတချို့ရဲ့ လုပ်ငန်းတွေကတော့ အပြီးသတ်အနေနဲ့ အင်အားသုံးပြီး လုပ်နေကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
၂၀၂၃ အောက်တိုဘာမှာ စခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA နဲ့ တော်လှန်ရေးအင်အားစုတွေက မိုးကုတ်မြို့နဲ့ မိုးမိတ်မြို့တို့ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ ကြားဝင်မှုနဲ့ TNLA က မိုးကုတ်နဲ့ မိုးမိတ်မြို့ကနေ ထွက်ခွာပေးရမှာ ဖြစ်ပါတယ်။


